တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ရပ်ရွာနေပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်းမည်

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ရပ်ရွာနေပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်းမည်
Published 1 September 2017

တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ ခုမှ မှုခင်းဖြစ်ပွားမှု များပြားသည့်နေ ရာများတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန် ရပ်ရွာနေပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်း သွားရန်စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းက ကော့သောင်းမြို့၌ ကျင်းပခဲ့သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ တင်ပြလာသည့် အချက်များအပေါ်မူတည်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းဖော်ထုတ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်သော ရပ်ရွာနေ ပြည်သူအခြေပြု Community Baced Policing အဖွဲ့များ ဖွဲ့စည်းရန်လမ်းညွှန်ချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပြည်သူတွေပါဝင်တဲ့ Community Baced Policing အဖွဲ့ ဖွဲ့စည်းဖို့အတွက် နေရာရွေးချယ်ဖို့သက်ဆိုင်ရာခရိုင် မြို့နယ်ရဲတပ်ဖွဲ့တွေကို သြဂုတ် ၂၂ ရက်ကပဲ အကြောင်းကြားထားပြီးပြီ။ မြို့နယ်တစ်ခုမှာ မှုခင်းဖြစ်ပွားမှုအများဆုံး အဓိကနေရာတွေကို ဦးစားပေးအနေနဲ့ ဖွဲ့စည်းသွားမှာပါ။ ဒီအဖွဲ့ထဲမှာ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲအငြိမ်းစားနဲ့ ရပ်ကွက်နေပြည်သူတွေပါမယ်။ တိုင်းထဲက ၁၀ မြို့နယ်စလုံးမှာ လုပ်မှာပါ။ တစ်မြို့နယ်မှာ တစ်ခုဖြစ်ချင်လည်း ဖြစ်မယ်။ နှစ်ခုဖြစ်ချင်လည်း ဖြစ်မယ်။ ပုံသေတော့ပြောလို့ မရဘူး” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးနေမျိုးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးမှာ ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ပြင်ရှည်လျားစွာ ဆက်စပ်လျက်ရှိနေခြင်း၊ အထူးသဖြင့် အကြမ်းဖက်သောင်းကျန်းသူများ လှုပ်ရှားသည့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ၍ အချိန်မရွေးနယ်စပ်ကို ဖြတ်ကျော်ဖောက်ခွဲဖျက်ဆီးခြင်းစသော အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်လာနိုင်ကြောင်း၊ ထို့ပြင် တရားမဝင် ဘင်္ဂါလီများ ခိုးဝင်လာမှုအပေါ် ဖမ်းဆီးရမိခြင်း၊ ငွေတု၊ လက်နက်။ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ လူကုန်ကူးသူများအား ဖမ်းဆီးရမိခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် အနာဂတ်ကာလများတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို နယ်မြေခံပြည်သူများနှင့် ပူးပေါင်းပြီး လုံခြုံရေးကင်းများဖြင့် စောင့်ကြည့်ထိန်းသိမ်းခြင်း လှည့်ကင်းဝပ်ကင်းများဆောင်ရွက်ခြင်း၊ ယာဉ်စစ်/ ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန် ရပ်ရွာနေပြည်သူအခြေပြု အဖွဲ့များဖွဲ့စည်း ဆောင်ရွက်စေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent