သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ပြုလုပ်နေသူများအား ငွေစက္ကူအတု သိန်း ၁၂၀၀ ကျော်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ပြုလုပ်နေသူများအား ငွေစက္ကူအတု သိန်း ၁၂၀၀ ကျော်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Published 26 September 2018

ဖမ်းဆီးရမိသည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

သထုံမြို့ လိပ်အင်းရပ်ကွက် ဝါးတောလမ်းရှိ နေအိမ်တစ်အိမ်မှ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ပြုလုပ်နေသူများအား ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက် (ကျပ် ၁၂၅၄ သိန်းကျော်)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စက်တင်ဘာ ၂၄ ရက် ည ၇ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်များ၊ သထုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်တင်မိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ဝါးတောလမ်း၊ အမှတ် ၂၄၆ နေ ဒေါ် ဌေးဌေး (၅၀ နှစ်) (ဘ) ဦးရှိန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခေါင်းရင်းဘက် ခြမ်းအတွင်း အိပ်ခန်းနှစ်ခန်းရှိပြီး တစ်ခန်းမှာ အိမ်ရှင် ဒေါ်ဌေးဌေး နေထိုင်သည့် အခန်းဖြစ်ပြီး ကျန်တစ်ခန်းမှာ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာနေ ဇော်မင်း နိုင် (ခ) ကိုဇော် (၄၆ နှစ်) (ဘ) ဦးချစ်သောင်း နေသည့် အခန်းဖြစ်ကြောင်းသိရပြီး ဇော်မင်းနိုင်မှာ ဦးကဲ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေကြောင်း သိရသဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ပြီး နေအိမ်အိပ်ခန်းများအတွင်း ဝင်ရောက်ရှာဖွေရာ ဇော်မင်းနိုင် (ခ) ကိုဇော် နေထိုင်သည့် အခန်းအတွင်းမှ ငွေစက္ကူ နံပါတ်မျိုးစုံပါ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်၊ ကာလာ ပရင်တာအတွင်း မိတ္တူကူးရန် အသင့်ပြုလုပ်ထားသော စက္ကူပေါ်တွင် ကော်ဖြင့်ကပ်ထားသည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအစစ် သုံးရွက်၊ A4 စာရွက်ပေါ်တွင် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူကို မိတ္တူတစ်ခြမ်း ကူးထားသည့် A4 စာရွက် အရွက် ၂၂၀၊ A4 စက္ကူပေါ်တွင် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအား မိတ္တူနှစ်ဖက်ကူးထားပြီး ဖြတ်တောက်ခြင်း မပြုရသေးသည့် A4 စာရွက်ကိုးရွက်၊ Canon G-2000 အမျိုးအစား အနက်ရောင် ကာလာပရင်တာ တစ်လုံး၊ WT.90 AS စာတန်းပါ ငွေစက္ကူအတုပေါ်တွင် ကြိုးအတုပြုလုပ်ရာ၌ အသုံးပြုသည့် Myanmar စာတန်းပါ မိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက်တစ်ခု၊ ငွေစက္ကူအတုများ ဖြတ်တောက်ရာတွင် အသုံးပြုသည့် (၁၂ x ၁၈) လက်မရှိ Paper Cutter တစ်ခု၊ Colour Printer တွင် ဆေးဖြည့်ရာ၌ အသုံးပြုသော BK/C/Y/M တံဆိပ်ပါ Epson အမျိုးအစား Dar Link  ဆေးရည်လေးဘူး၊ ငွေစက္ကူအတုပေါ်တွင် ကြိုးတံဆိပ်ရိုက်နှိပ်ရာ၌ အသုံးပြုသည့် GRADE COLOUR ခရမ်းရောင် ပလတ်စတစ်တိပ်ခွေ နှစ်ခွေ၊ METRONIC စာတန်းပါ SAFEGUARD တစ်ဘူး၊ GAGO စာတန်းပါ ပန်းရောင်မီးကြိုးငွေ အဝိုင်းတစ်ခု၊ SLON စာတန်းပါ PVC ကော်ဘူးတစ်ဘူး၊ JB SUPER တံဆိပ်ပါ ကော်ဘူးတစ်ဘူး၊ SPECIAL GLUE စာတန်းပါ ကော်ဘူးတစ်ဘူး၊ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူပေါ်တွင် ပါရှိသည့် ကြာပန်းပေါ်တွင် အလင်းတန်း ဖြာထွက်သည့်ပုံပါ ရေစာတံဆိပ်တုံးနှစ်ခု၊ ၁၀၀၀၀ စာလုံးပါ ခဲမိုတစ်ခုနှင့် လက်ကိုင်ဖုန်းသုံးလုံး သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတုများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ဒေါ်ဌေးဌေးနှင့် ဇော်မင်းနိုင် (ခ) ကိုဇော်တို့အား မေးမြန်းရာ ဇော်မင်းနိုင်မှာ လွန်ခဲ့သော တစ်လခန့်မှစ၍ ဒေါ်ဌေးဌေး၏ နေအိမ်တွင် ရောက်ရှိတည်းခို နေကြောင်း၊ လွန်ခဲ့သော ၁၀ ရက်ခန့်စ၍ ဇော်မင်းနိုင်ထံသို့ သထုံမြို့နယ် အလံတစ်ရာကျေးရွာနေ ဘိုလေးဆိုသူ ရောက်ရှိလာပြီး ဇော်မင်းနိုင်၏ အခန်း၌ ၎င်းတို့နှစ်ဦး ငွေစက္ကူ အတုများ ပြုလုပ်ခဲ့ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ခရိုင်မှုခင်းနှိမ်နင်းရေးဌာနက ရဲအုပ်အောင်သူနဲ့ အဖွဲ့ရယ်၊ ကျွန်တော်တို့မြို့မရဲစခန်းက အဖွဲ့တွေရယ် လိပ်အင်းရပ်ကွက်၊ ဝါးတောလမ်းမှာရှိတဲ့ ဒေါ်ဌေးဌေးနေထိုင်တဲ့ နေအိမ်ကို ဝင်ရှာပါတယ်။ အဲဒီလိုဝင်ရှာတဲ့ အခါမှာ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအရွက် ၁၂၅၄၅ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူသုံးဦးမှာ နှစ်ဦးကို ဖမ်းဆီးရမိပြီးတော့ ကျန်တစ်ဦးက ထွက်ပြေးနေပါတယ်။ အခု အဲဒီတစ်ယောက်ကို လိုက်နေပါတယ်။ အမှုနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်” ဟု သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

“ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနက ရဲအုပ်အောင်သူ ဦးစီးတဲ့ အဖွဲ့ကနေ ည ၇ နာရီထိုးလောက် ရုံးကိုရောက်လာကြပြီးတော့ သတင်းအရ အိမ်တစ်အိမ်ကို ရှာဖွေစရာရှိတယ်ဆိုပြီးတော့ လာရောက် အသိပေးတယ်။ အုပ်ချုပ်ရေးမှူးရဲ့ နယ်မြေဖြစ်တဲ့အတွက် လိုက်ပါဆောင်ရွက်ပေးဖို့ ပြောပါတယ်။ ကျွန်တော်တို့ အဲဒီအိမ်ရောက်တော့ အိမ်ရှင်ကို ခေါ်ပေးတယ်။ နောက်အိမ်ရှင်ကို သက်ဆိုင်ရာက သတင်းအရ ရှာဖွေစရာရှိတယ်လို့ပြောတော့ အိမ်ရှင်ကလည်း ရှာဖွေခွင့်ပေးပါတယ်။ အိမ် ထဲမှာရှိတဲ့ အခန်းတွေကို ဝင်ရှာတော့ ဧည့်သည်နေတဲ့အခန်းမှာ ကာလာပရင်တာကို အရင်တွေ့တယ်။ နောက်မျက်နှာသုတ်ပဝါနဲ့ အုပ်ထားတာကို လှန်ကြည့်တဲ့ အခါကျတော့ ငွေအတုတွေကို တွေ့ရပါတယ်။ မိတ္တူကူးစက်ထဲမှာ သူတို့ဆွဲထားတဲ့ A4 တစ်မျက်နှာကို သုံးရွက်နဲ့ ကျောဘက်၊ ရင်ဘက် ဆွဲထားတဲ့ ငွေစက္ကူပုံစံ မိတ္တူစာရွက်တွေကို တွေ့ပါတယ်။ ဒါတွေက တရားမဝင် ငွေအတုထုတ်လုပ်နေတာ ဖြစ်တဲ့အတွက်ကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ဧည့်သည်ဆိုတဲ့လူ ရောက်လာတဲ့အခါမှာ သူ့ကိုစစ်ဆေးတော့ သူလုပ်တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ အဲဒါနဲ့ အိမ်ရှင်ရော ဧည့်သည်ဆိုသူရောပါ သထုံခရိုင်ရဲမှူးရုံးကို ခေါ်ဆောင်သွားပါတယ်” ဟု လိပ်အင်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြော ကြားသည်။

“မနေ့ည ၇ နာရီလောက် လမ်းထဲကို ရဲကားနှစ်စီး ရောက်လာတယ်။ အဲဒီအိမ်မှာ တည်းနေတဲ့ ဧည့်သည်က လက်ဖက်ရည်ဆိုင်သွားတယ်။ နောက် ဧည့်သည်ရော အိမ်ရှင်အမျိုးသမီးကိုပါ ရဲတွေက ခေါ်သွားတာ တွေ့ရပါတယ်။ ရဲတွေက ကျန်ကျောင်းအိတ် နှစ်အိတ်နဲ့ရယ်၊ ဆွဲခြင်းကြီး တစ်ခြင်းနဲ့ရယ် ဆွဲထွက်လာတာ တွေ့ရပါတယ်။ အစောပိုင်းကတော့ ဘာတွေနဲ့ ဖမ်းမှန်းမသိဘူး။ မနက်မှ ငွေစက္ကူအတုတွေနဲ့ ဖမ်းမိတယ်လို့ သိရပါတယ်။ အရင်ညတွေက မီးမလာတဲ့အချိန်မှာ မီးစက်နှိုးထားပေမယ့် တစ်အိမ်လုံး မှောင်နေပြီးတော့ အိမ်ရဲ့အနောက်နား အခန်းတစ်ခန်းကပဲ မီးလင်းနေတာ တွေ့ရတယ်” ဟု လိပ်အင်းရပ်ကွက် ဝါးတောလမ်းနေ ဒေါ်အေးမြင့်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ပြုလုပ်သုံးစွဲသူ ဒေါ်ဌေးဌေး၊ ဇော်မင်းနိုင် (ခ) ကိုဇော်၊ ဘိုလေးတို့အား သထုံမြို့ရဲစခန်းက (ပ) ၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆/၁၀၇ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ကျန်ရှိသော ပြစ်မှုကျူးလွန်သူ ဘိုလေးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent