ရွှေတိဂုံစေတီတော်၏ မဟာရံတံတိုင်းများ အားဖြည့်ထောက်ကူရာတွင် အသစ်တည်ဆောက်မည့် မြေထိန်းနံရံ၏ ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ဘိုးပိုင်နှစ်တန်းပါ မြေထိန်းနံရံ တည်ဆောက်ရန် တင်ပြမည်

ရွှေတိဂုံစေတီတော်၏ မဟာရံတံတိုင်းများ အားဖြည့်ထောက်ကူရာတွင် အသစ်တည်ဆောက်မည့် မြေထိန်းနံရံ၏ ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ဘိုးပိုင်နှစ်တန်းပါ မြေထိန်းနံရံ တည်ဆောက်ရန် တင်ပြမည်
Published 26 September 2018

စက်တင်ဘာ ၂၅ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရွှေတိဂုံစေတီတော်၏ မဟာရံတံတိုင်းများ အားဖြည့်ထောက်ကူရာတွင် အသစ်တည်ဆောက်မည့် မြေထိန်းနံရံ၏ ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ဘိုးပိုင်နှစ်တန်းပါ မြေထိန်းနံရံ တည်ဆောက်သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ပြုလုပ်ခဲ့သည့် ရွှေတိဂုံစေတီတော်၏ မဟာရံတံတိုင်းများ အားဖြည့်ထောက်ကူမည့် အစီအစဉ်နှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ဆွေနွေးပွဲအပြီးတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးကျော်လင်းက “အခုကတော့ အနောက်ဘက်နဲ့ အနောက်တောင်ထောင့်တွေမှာ မြေနိမ့်ကျမှု ဖြစ်စဉ်တွေ ရှိနေပါတယ်။ ကျွန်တော်တို့က ဘိုးပိုင်တွေတူးပြီး အာစီ Retaining Wall နဲ့ Resist လုပ်မယ့်ကိစ္စကို ကျွန်တော်တို့ အင်ဂျင်နီယာအသင်းက အင်ဂျင်နီယာ ပညာရှင်တွေ အားလုံးဖိတ်ခေါ်ပြီးတော့ ဝိုင်းဝန်းဆွေးနွေး ကြတာပါ။ ကောင်းမွန်တဲ့ Outcome လည်း ရပါတယ်။ ဒီကရရှိတဲ့ အဖြေအရ ဒီဇိုင်းပြန်လုပ်ပါမယ်။ ဘိုးပိုင်နှစ်တန်းပါတဲ့ အာစီ Retaining Wall နဲ့ ပြန်လည်ပြီး Resist လုပ်မယ့် Structure ပြန်လည် တည်ဆောက်သွားဖို့အတွက် သက်ဆိုင်ရာ သာသနာရေးဝန်ကြီးကို တင်ပြပါမယ်။ နောက် ဂေါပကအဖွဲ့နဲ့လည်း ညှိနှိုင်းဆွေးနွေးပါမယ်။ အဲဒီကမှတစ်ဆင့် ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရွှေတိဂုံစေတီတော်နှင့် သိဂုၤတ္တရကုန်းမြေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် တည်ရှိသည့် သိဂုၤတ္တရကုန်းမြေ ကြံ့ခိုင်ရေးအတွက် ရှေးယခင် အစဉ်အဆက်ကပင် မဟာရံတံတိုင်းလေးထပ် ကာရံထားပြီး ပထမ၊ ဒုတိယ၊ တတိယတံတိုင်း သုံးဆင့်သည် ကုန်းတော်ကြံ့ခိုင်ရေး အတွက် ကာရံတားဆီးခြင်းဖြစ်ပြီး စတုတ္ထ မဟာရံတံတိုင်းသည် နယ်နိမိတ်စည်းရိုးဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၏ ရင်ပြင်အကျယ်အဝန်းသည် ၁၄ ဧကရှိပြီး ဝတ္တကမြေ အကျယ်အဝန်း ၁၁၄ ဧကရှိကြောင်း၊ ယခုမြေထိန်းနံရံ တည်ဆောက်မည့် နေရာသည် ၁၄ ဧကအပြင်ဘက် အနောက်နှင့် အနောက်တောင်ထောင့် နေရာတွင် တည်ရှိသည်။

“ကျန်တဲ့ဘက်ခြမ်းတွေက မဟာရံတံတိုင်းရှိပြီးတော့ အဲဒီနေရာမှာက မဟာရံတံတိုင်းက မရှိဘူး။ ဒီဟာသည် ဒုတိယကမ္ဘာစစ်တုန်းက ပြတ်ထွက်သွားလား ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ပျက်စီးသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနောက်တောင်ထောင့်နဲ့ အနောက်ဘက်ကို အကြမ်းဖျင်း ပြထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

စေတီတော်၊ ရင်ပြင်တော်နှင့် သိင်္ဂုတ္တရကုန်းမြေ တည်တံ့ခိုင်မြဲရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် သာသနာရေးဝန်ကြီးဌာန၊ ဂေါပကအဖွဲ့တို့နှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခင်မြေပြိုကျမှု၊ တံတိုင်းပြိုကျမှု ဖြစ်စဉ်များလည်း ရှိခဲ့ဖူး၍ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက ဂေါပကရယ်၊ သာသနာရေး ဝန်ကြီးဌာနရယ် ပူးပေါင်းပြီးတော့ Maintenance တွေ ဆောင်ရွက်ခဲ့တာပါ။ ၁၉၇၂ တုန်းက တစ်ကြိမ်၊ ၁၉၇၆ မှာလည်း ဒီရာဟုထောင့်မြေပြိုမှု ဖြစ်စဉ်မှာလည်း၊ အဲဒီနောက်မှာလည်း လေးကြိမ်လောက် မြေပြိုမှု ဖြစ်စဉ်လေးတွေ ရှိပါတယ်။ ဒါတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

၁၉၇၆ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ရာဟုထောင့်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး တံတိုင်းရွေ့လျားခြင်း၊ အုန်းပင်နှင့် ဘုရားငယ်၊ စေတီငယ်များ ပေ ၂၀ ခန့်ရွေ့လျားခြင်း၊ တံတိုင်းပြိုကျခြင်းတို့ ရှိခဲ့ကြောင်းနှင့် ထို့ပြင် တတိယ မဟာရံတံတိုင်းသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကာလအထိ ပေ ၁၀၀ မှ ၁၅၀ ခန့် ပြိုကျပျက်စီးမှု လေးကြိမ်ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent