မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဟု စာရွက်ပေါ်တွင် ငယ်ရွယ်စဉ်က သင်ရိုးညွှန်းတမ်းထဲ သင်ကြားခဲ့ရသော်လည်း မြေပြင်တွင် အပြောင်းအလဲ လက်တွေ့မပြနိုင်ကြောင်း ခင်ဦး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဟု စာရွက်ပေါ်တွင် ငယ်ရွယ်စဉ်က သင်ရိုးညွှန်းတမ်းထဲ သင်ကြားခဲ့ရသော်လည်း မြေပြင်တွင် အပြောင်းအလဲ လက်တွေ့မပြနိုင်ကြောင်း ခင်ဦး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 26 September 2018

ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဟု စာရွက်ပေါ်တွင် ငယ်ရွယ်စဉ်အခါက သင်ရိုးညွှန်းတမ်းထဲ၌ သင်ကြားခဲ့ရသော်လည်း မြေပြင်တွင် အပြောင်းအလဲ လက်တွေ့မပြနိုင်ကြောင်း၊ ထို့ပြင် စာရွက်ပေါ်တွင်ရှိသည့် စိုက်ပျိုးရေးနိုင်ငံ ဆိုသည့်အချက်အား လက်တွေ့ကျကျ ဆောင်ရွက်ပေးမည် ဆိုပါက စိုက်ပျိုးရေးနိုင်ငံဟု ရဲရဲကြီးကြွေးကြော်နိုင်မည် ဖြစ်ကြောင်း ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက ပြောကြားသည်။

စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ခင်ဦးမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ကျီးကန်ရွာနှင့် ရေအေးကုန်း ကျေးရွာသို့ အဓိကအသုံးပြုသော အစိုးရက စီမံဆောင်ရွက်ပေးသည့် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းမေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ နယ်မြေကို ကွင်းဆင်းကြည့်ပြီးပါပြီ။ ကျွန်မတို့နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ငယ်ငယ်က သင်ရိုးညွှန်းတမ်း တစ်ခုမှာ သင်ခဲ့ရသလို တကယ့်မြေပြင်မှာ လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်ပေးမယ်ဆိုရင် စိုက်ပျိုးရေးနိုင်ငံလို့ ရဲရဲကြီး ကြွေးကြော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ စာရွက်ထဲမှာသာရှိပြီး အပြောင်းအလဲအတွက် လက်တွေ့မပြနိုင်ပါဘူး” ဟု ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက ဆက်လက်ပြောကြားသည်။

ခင်ဦးမြို့နယ်တွင် တည်ရှိသည့် ကျီးကန်ရွာအနီး၌ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံငွေ ကျပ်သန်းပေါင်း ၆၀၀ ခန့်လိုအပ်ကြောင်း၊ ယင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းအား လုပ်ဆောင်ပြီးစီးပါက လယ်ယာမြေဧက ၃၀၀ ကျော်အတွက် စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆိုသည်။

“ခင်ဦးမြို့နယ်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျီးကန်ရွာမှာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံငွေ ကျပ်သန်းပေါင်း ခြောက်ရာခန့် လိုအပ်ပါတယ်။ ဒီလုပ်ငန်းသာ ပြီးစီးသွားမယ် ဆိုရင်တော့ လယ်ယာမြေဧက ၃၅၀ ကို စိုက်ပျိုးရေ ပေးဝေနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ရန်ပုံငွေကို ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီး ရန်ပုံငွေထဲကနေ တင်ပြတောင်းခံပြီးတော့ ရန်ပုံငွေရရှိမှု အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးကမ်ဇာမုံက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု မရှိခဲ့ခြင်းကြောင့် ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ် စသည့်မြို့နယ်များ၌ စိုက်ပျိုးထားသည့် စပါးစိုက်ခင်း အများအပြားတွင် အပင်များ၏   သောက်သုံးရေ လုံလောက်မှု နည်းပါးခြင်း၊ စပါးအပင်များမှာ ခြောက်သွေ့လာခြင်း၊ မြေများပပ်ကြားအက်မှု များလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

 

Most Read

Most Recent