Alipay ၊ WeChat စသည့် ငွေပေးချေမှုစနစ်များကို ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းဘဏ်များ လက်ခံဆောင်ရွက်ခြင်းမပြုရန် ဗဟိုဘဏ်ညွှန်ကြား

Alipay ၊ WeChat စသည့် ငွေပေးချေမှုစနစ်များကို ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းဘဏ်များ လက်ခံဆောင်ရွက်ခြင်းမပြုရန် ဗဟိုဘဏ်ညွှန်ကြား
Published 26 September 2018

ပြည်တွင်းဘဏ်များအနေဖြင့် Alipay ၊ WeChat စသည့် ငွေပေးချေမှုစနစ်များအား ဗဟိုဘဏ်ခွင့်ပြုချက်မရှိဘဲ လက်ခံဆောင်ရွက်ခြင်းမပြုရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် QR Code ဖြင့် ငွေပေးချေမှုများအား တစ်ပြေးညီဖြစ်စေရန်နှင့် International EMV Standard ဖြစ်စေရန်အတွက် MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံတကာကတ်အဖွဲ့အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၊ MPU မှ ကိုယ်စားလှယ်များဖြင့် စဉ်ဆက်မပြတ်ညှိနှိုင်းဆောင်ရွက်နေသည်ဟု  ဗဟိုဘဏ်က ပြောကြားသည်။

ပြည်တွင်းဘဏ်များအနေဖြင့် Alipay ၊ WeChat Pay စသည့် Closed Loop Payment Scheme ဖြင့် ပေးချေမှုများကို ဆောင်ရွက်ခွင့်ပြုပါရန် ယခင်က တင်ပြခဲ့ခြင်းအပေါ်  ဗဟိုဘဏ်မှ ဗဟိုဘဏ်ဥပဒေပုဒ်မ ၇၉ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ် မ-၁၃၄ (က) တို့အရ QR Code ဖြင့် ပေးချေမှုများကို တစ်ပြေးညီဆောင်ရွက်နိုင်ရန် နှင့် Interoperability ရှိစေရန်တို့ုကို ရည်ရွယ်၍ ဆောင်ရွက်ခွင့်ပြုခြင်းကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အချို့ပြည်တွင်းဘဏ်များ အနေဖြင့် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကိုမရရှိဘဲ Alipay ၊ WeChat Pay တို့အပြင် အခြား QR Code ဖြင့် ပေးချေမှုများအား လက်ခံဆောင်ရွက်ပေးနေကြောင်း တွေ့ရှိရခြင်းကြောင့် ဗဟိုဘဏ်၏ ခွင့်ပြုချက်မူဘောင် အတွင်းမှသာ လိုက်နာဆောင်ရွက်ကြရန် အကြောင်းကြားထားခြင်း ဖြစ်သည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ-၁၆၄ အရ ပြည်တွင်းဘဏ်များ အနေဖြင့် တားမြစ်ချက်များအား လိုက်နာမှု မရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ-၁၇၂ အရ အရေးယူဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။ ပြည်တွင်းဘဏ်များအနေဖြင့် ယခုညွှန်ကြားစာအား လက်ခံရရှိကြောင်းနှင့် လိုက်နာဆောင်ရွက်ထားမှုအခြေအနေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်မတိုင်မီ အကြောင်းပြန်ကြားရမည် ဖြစ်သည်။

Most Read

Most Recent