ဘင်္ဂါလီမွတ်စလင်များအပေါ် မြန်မာတပ်မတော်က ကျူးလွန်ခဲ့သည့် စနစ်တကျ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သက်သေအထောက်အထားများ တွေ့ရှိထားဟု အမေရိကန်က ပြောကြား

ဘင်္ဂါလီမွတ်စလင်များအပေါ် မြန်မာတပ်မတော်က ကျူးလွန်ခဲ့သည့် စနစ်တကျ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သက်သေအထောက်အထားများ တွေ့ရှိထားဟု အမေရိကန်က ပြောကြား
Published 26 September 2018

အကြီးအကျယ် သတ်ဖြတ်ခဲ့မှုများနှင့် မုဒိမ်းကျင့်မှုများ အပါအဝင် ဘင်္ဂါလီမွတ်စလင်များအပေါ် မြန်မာတပ်မတော်က ကျူးလွန်ခဲ့သည့် စနစ်တကျ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သက်သေအထောက်အထားများ တွေ့ရှိထားသည်ဟု အမေရိကန်က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အစည်းအဝေးတစ်ရပ်အတွင်း အမေရိကန်က ဘင်္ဂါလီ(မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအတွက် အမေရိကန်ဒေါ်လာ ၁၈၅ သန်း ထောက်ပံ့မည်ဟု ကြေညာခဲ့ပြီးမကြာမီ အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ လေ့လာချက်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေသော အရွယ်ရောက်ပြီးသည့် ဘင်္ဂါလီမွတ်စလင် ၁၀၂၄ ဦးနှင့် ဧပြီလအတွင်းက တွေ့ဆုံမေးမြန်းခဲ့မှုများအပေါ် အခြေခံပြီး လူ့အခွင့်အရေးအဖွဲ့များက တင်ပြခဲ့သည့် အစီအရင်ခံစာများနှင့်လည်း အကြောင်းအရာများအရ ကိုက်ညီခဲ့သည်ဟု ဆိုသည်။

အမေရိကန်၏ အစီရင်ခံစာတွင် ဘင်္ဂါလီမွတ်စလင်များ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများကို ဖော်ပြရာ၌ လူမျိုးတုံး သတ်ဖြတ်မှု သို့မဟုတ် လူမျိုးစုလိုက်သုတ်သင်မှုဟူသည့် စကားရပ်များကို အသုံးပြုခြင်းအား ဂရုပြုရှောင်ရှားခဲ့သည်ဟု ဆိုသည်။

“ဒီစစ်တမ်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အလွန်အကျူး၊ အကြီးအကျယ်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီး လူအုပ်စုကို အကြမ်းဖက်ခြိမ်းခြောက်ခဲ့ရုံသာမက ဒေသခံ ဘင်္ဂါလီတွေကို မောင်းထုတ်ခြင်းဆီကို ဦးတည်သွားခဲ့ပုံရပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဗျူရိုက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပြောကြားထားသည်။

“တပ်မတော်စစ်ဆင်ရေးတွေရဲ့ ပမာဏနဲ့ အတိုင်းအတာဟာ သူတို့အနေနဲ့ ကောင်းကောင်းကြိုတင်စီမံထားပြီး အကွက်ချလုပ်ဆောင်ခဲ့တာကို ဖော်ပြနေပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

“ဒေသတချို့မှာ ကျူးလွန်သူတွေဟာ အစုလိုက်အပြုံလိုက် ထိခိုက်မှုရလဒ်ကို ဖြစ်စေမယ့် နည်းဗျူဟာတွေကို အသုံးပြုခဲ့ပါတယ်။ ဥပမာအားဖြင့် သူတို့ကို မီးရှို့ဖို့ လူတွေကို အိမ်တွေထဲမှာ ပိတ်ထားတာမျိုး၊ လူအုပ်ထဲကို ပစ်ခတ်မှုတွေမလုပ်မီ တစ်ရွာလုံးကို ဝိုင်းဝန်းပိတ်ဆို့ထားတာမျိုးနဲ့ ထွက်ပြေးတဲ့လူတွေ ရာနဲ့ချီပြီး ပါလာတဲ့ သင်္ဘောတွေကို နှစ်မြှုပ်ပစ်တာမျိုးတွေပါပဲ” ဟု အစီ ရင်ခံစာ၌ ဖော်ပြသည်။

တွေ့ဆုံမေးမြန်းခဲ့သည့် ဒုက္ခသည်များ အနက် ၈၂ ရာခိုင်နှုန်းသည် သတ်ဖြတ်မှုများကို တစ်ဦးချင်းအရ သက်သေခံခဲ့ပြီး ၅၁ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစီရင်ခံခဲ့ကြသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

ကွဲပြားခြားနားသည့် ရွာပေါင်းများစွာမှလာခဲ့ကြသော သက်သေများက တပ်မတော်သားများသည် အမျိုးသမီးများအား ၎င်းတို့၏ နေအိမ်များထဲမှနေ၍ အတင်းအဓမ္မထွက်စေခဲ့ပြီး အလားတူမုဒိမ်းမှုများကို ကျူးလွန်ခဲ့ကြသည်ဟု အစီရင်ခံခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

“အဒီနောက်သူတို့ဟာ ပိုပြီးနည်းပါးတဲ့ အရေအတွက်ရှိတဲ့ အမျိုးသမီးတွေကို ရွေးချယ်ပါတယ်။ လေးယောက် ဒါမှမဟုတ် ငါးယောက်ပေါ့။ တချု့ိဒုက္ခသည်တွေလည်း  ၂၀ အထိ ရွေးတယ်လို့ ပြောပါတယ်။ အဲဒီနောက် ၁၅ ယောက်အထိများတဲ့ စစ်သားတွေက အဲဒီအမျိုးသမီးတွေကို အုပ်ဖွဲ့မုဒိမ်းကျင့်ဖို့ ကွင်းပြင်တွေ၊ သစ်တောတွေ၊ အိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဗလီတွေ ဒါမှမဟုတ် အိမ်သာတွေဆီ ခေါ်သွားပါတယ်” ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

မုဒိမ်းကျင့်ခံရသူအများအပြားကို ကျင့်ပြီးတဲ့နောက် သတ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အခါတိုင်းတော့လည်း မဟုတ်ပါဘူး ဟု အစီအရင်ခံစာ၌ ပြောကြားထားပြီး တပ်မတော်သားများသည် အချို့သောဖြစ်ရပ်များတွင် အုပ်ဖွဲ့မုဒိမ်းကျင့်ရန်အတွက် အလှဆုံး မိန်းကလေးများကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ဖြစ်ရပ်များအားလုံး၏ ၈၈ ရာခိုင်နှုန်းတွင် သက်သေများက တပ်မတော်သည် ရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ကွယ်၌ ရှိခဲ့သည်ဟု ပြောကြားခဲ့ကြသည်။ လူအနည်းငယ်က ၎င်းတို့သည် ARSA က တပ်မတော်သားများကို တိုက်ခိုက်ခဲ့သည်ကို မြင်ခဲ့ကြောင်း  ပြောကြားခဲ့သည်။ ARSA သည် ၂၀၁၆ ခုနှစ် အောက်တိုဘာကလည်း တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြင့် စစ်ဆင်ရေးတစ်ရပ်ဖြစ်လာရန် လှုံ့ဆော်ခဲ့သော အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent