တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးအား သားမယားပြုကျင့်သည်ဟုဆိုသည့် အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသားအား အမှုဖွင့် ဖမ်းဆီး

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးအား သားမယားပြုကျင့်သည်ဟုဆိုသည့် အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသားအား အမှုဖွင့် ဖမ်းဆီး
Published 26 September 2018

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးအား သားမယားပြုကျင့်သည်ဟုဆိုသည့် အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသားအား စက်တင်ဘာ ၂၅ ရက်က အမှုဖွင့်ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက် သရေခေတ္တရာ (၂၂) လမ်းနေ အသက် ၁၂ နှစ်အရွယ်ယောကျ်ားလေးမှာ ၎င်း၏သူငယ်ချင်းနှင့် အဆိုပါလမ်းအတွင်း ဆော့ကစားနေခဲ့ကြောင်း၊ ဆော့ကစားနေစဉ် ယင်းလမ်းတွင် အလှပြင်ဆိုင်ဖွင့်ထားသည့် ပေါ်ပေါ် (ခ) ရန်နိုင်က ကလေးနှစ်ဦးအား ဆိုင်အတွင်းသို့ လာရန်ခေါ်ခဲ့ကြောင်း အသက် ၁၂ နှစ်အရွယ်ယောကျ်ားလေး၏ ဖခင်ဖြစ်သူက ဆိုသည်။

“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက သားလေးကို ကိုးလသားလေးကတည်းက မွေးစားထားတာပါ။ မနေ့က ည ၇ နာရီခွဲလောက်မှာ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းက လမ်းထဲမှာ ဆော့နေတာ။ အဲဒီအချိန်မှာ ကျွန်တော်က အမေ့အိမ်ကို သွားနေတယ်။ သွားပြီးပြန်လာတော့ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းကို မတွေ့တော့ ကျွန်တော်လည်း ရပ်ကွက်ထဲပတ်ပြီး ကလေးတွေသွားတတ်တဲ့ နေရာတွေကို လိုက်ရှာတာ ည ၁၁ နာရီခွဲလောက် ဖြစ်သွားတယ်။ အိမ်ကိုပြန်လာတဲ့ အချိန်မှာ ကျွန်တော့်သားက အိမ်ပြန်ရောက်နေလို့ ကျွန်တော်က သူ့ကို မင်းဘယ်သွားနေတာလဲဆိုပြီး မေးတယ်။ အစက ကျွန်တော့်သားက မပြောဘူး။ သူ့ကိုခြောက်မေးတော့မှ သူကဖွင့်ပြောတာ။ ဘယ်လိုလဲဆိုတော့ သူငယ်ချင်းနှစ်ယောက် လမ်းပေါ်မှာ ဆော့နေတုန်း ပေါ်ပေါ်နာမည်နဲ့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မိန်းမလျာက ဆိုင်ထဲ သူတို့နှစ်ယောက်ကိုခေါ်ပြီး အအေးတိုက်တာကို ကျွန်တော့်သားက သောက်လိုက်ပြီး သူ့သူငယ်ချင်းက မသောက်ဘူး။ သောက်ပြီးချိန်မှာ ကျွန်တော့်သားကို အလှပြင်ဆိုင်ပိုင်ရှင် ပေါ်ပေါ်က ဓမ္မတာနဲ့ ဆန့်ကျင်ပြီး သားမယားပြုကျင့်တယ်။ အဲဒီလိုပြုကျင့်တဲ့အချိန်မှာ ကျွန်တော့်သားရဲ့ သူငယ်ချင်းလည်းရှိတယ်” ဟု ဓမ္မတာနှင့်ဆန့်ကျင်ပြီး အဓမ္မပြုကျင့်ခံရသည့် အသက် ၁၂ နှစ်အရွယ်ယောကျ်ားလေး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

အလှပြင်ဆိုင်ပိုင်ရှင် ပေါ်ပေါ် (ခ) ရန်နိုင်မှာ တောင်ဥက္ကလာပမြို့နယ် သရေခေတ္တရာ (၂၂) လမ်းတွင် အလှပြင်ဆိုင်ဖွင့်သည်မှာ ငါးလကျော်ခန့်ကြာပြီဖြစ်ရာ ဆိုင်တွင် ၎င်းတစ်ဦးတည်းသာရှိပြီး အခြားဆိုင်ဝန်ထမ်းများမရှိဘဲ ရံဖန်ရံခါမှသာ ၎င်း၏မိတ်ဆွေများမှ လာရောက်ကူညီပေးတတ်ကြောင်းနှင့် ယင်းဆိုင်သို့  အနုပညာအသိုင်းအဝိုင်းမှ လူအချို့ ရံဖန်ရံခါလာရောက်တတ်ကြောင်း  အနီးပတ်ဝန်းကျင်နေသူများ၏ ပြောကြားချက်အရ သိရသည်။

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက “တရားလိုရဲ့ တိုင်တန်းချက်အရ သားမယားပြုကျင့်ခဲ့တယ်လို့ဆိုတဲ့ အလှပြင်ဆိုင်က အမျိုးသားကို ဖမ်းဆီးထားပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ထားပြီး ကျန်တဲ့ဆေးစစ်ချက်တွေ ယူဖို့လုပ်နေပါတယ်”  ဟု ပြောကြားသည်။

Most Read

Most Recent