မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားဖမ်းဆီးရေး စစ်ဆင်ရေး အတွင်း မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားဖမ်းဆီးရေး စစ်ဆင်ရေး အတွင်း မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ
Published 26 September 2018

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားဖမ်းဆီးရေး၌ မြန်မာအလုပ်သမား ၄၀ ကျော်ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးကိုယ်စားပြု ထိန်းသိမ်းရေးစခန်းအတွင်းရှိ မြန်မာများကို ကူညီနေသည့် ကိုသီဟမောင်မောင်က ပြောကြားသည်။

မလေးရှားနိုင်ငံအတွင်း စက်တင်ဘာ ၁ ရက်မှစ၍ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို အထူးစစ်ဆင်ရေးများဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အဲဒီဖမ်းဆီးမှုက ကိုးလပိုင်း ၁ ရက်ကနေ စနေတာပဲ။ ဒဏ်ကြေးသက်သက်သာသာနဲ့ ပြန်ဖို့အစီအစဉ်က ရှစ်လပိုင်းကုန် ကတည်းက ပြီးဆုံးသွားပြီ။ အခုကိုးလပိုင်း ၁ ရက်ကနေစပြီး တောက်လျှောက်သူတို့တွေ ဖမ်းနေတာပေါ့။ နေရာတော်တော်န့ှံန့ှံမှာတော့ သူတို့ စစ်ဆင်ရေးတွေလုပ်ပြီး ဖမ်းနေတာပေါ့။ အဲဒီရက်ပိုင်းဖမ်းတဲ့အထဲ မြန်မာတွေတော့ ၄၀ ကျော်လောက် ပါသွားတယ်။ ဖမ်းဆီးခဲ့ပြီးတာတော့ နိုင်ငံခြားသား တရားမဝင် အလုပ်သမား ၅၀၀ လောက် ဖမ်းဆီးပြီးပြီ” ဟု ကိုသီဟမောင်မောင်က ဆိုသည်။

ဖမ်းဆီးခံရသည့် အလုပ်သမားများမှာ အထောက်အထားမပြည့်စုံနေခြင်း၊ ဗီဇာသက်တမ်းကုန်ဆုံးနေခြင်းနှင့် Work Permit ရှိသော်လည်း အလုပ်နေရာနှင့် ကွဲလွဲနေကြောင်း သိရသည်။

“အထောက်အထားမဲ့တွေစိစစ်တယ်။ တချို့ကျတော့ Work Permit တော့ရှိတယ်။ ဒါပေမဲ့ အလုပ်နေရာနဲ့ကွဲလွဲတဲ့ဟာတွေ အဲဒါတွေကို အကုန်ပြန်စိစစ်ပြီးဖမ်းတာ” ဟု ကိုသီဟမောင်မောင်က ပြောကြားသည်။

ယခုဖမ်းဆီးမှုတွင် မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား ၅၀၀ ကျော် အဖမ်းခံရကြောင်း သိရသည်။

Most Read

Most Recent