ပြည်တွင်းထုတ် စားသောက်ကုန်တံဆိပ်ပေါင်း တစ်သိန်းကျော်ရှိပြီး ယင်းတို့အနက် ရာခိုင်နှုန်း ၆၀ သာ အမှတ်တံဆိပ်ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ ထည့်သွင်းထား

ပြည်တွင်းထုတ် စားသောက်ကုန်တံဆိပ်ပေါင်း တစ်သိန်းကျော်ရှိပြီး ယင်းတို့အနက် ရာခိုင်နှုန်း ၆၀ သာ အမှတ်တံဆိပ်ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ ထည့်သွင်းထား
Published 1 September 2017

ပြည်တွင်းထုတ် စားသောက်ကုန်အမှတ် တံဆိပ်ပေါင်း တစ်သိန်းကျော်ရှိပြီး ယင်းတို့အနက် ရာခိုင်နှုန်း ၆၀ ခန့်သာ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

“ပြည်တွင်းထုတ် စားသောက်ကုန်အမှတ်တံဆိပ်ပေါင်း တစ်သိန်းကျော်လောက် ရှိတယ်။ လုပ်ငန်းတွေထဲမှာ အမှတ်တံဆိပ် သတ်မှတ်ချက်မှာပါရမယ့် အချက်တွေကို လိုက်နာဆောင်ရွက်တဲ့လုပ်ငန်းက တော်တော်ကိုနည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ၂၀၁၆ ခုနှစ်တစ်နှစ်လုံးကို ပညာပေးတာတွေ လုပ်ခဲ့ပြီး ဒီနှစ်နှစ်ဆန်းပိုင်းမှာ ကြေညာချက်တစ်စောင် ထုတ်ခဲ့တယ်။ ကြေ ညာချက်မှာ မတ်လကုန်အထိလို့ သတ်မှတ်ခဲ့ပေမယ့် အခက်အခဲတွေရှိကြလို့ အချိန်သုံးလပြင်ဆင်ဖို့ ထပ်ပေးခဲ့တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လိုက်နာမှု ရှိ၊ မရှိ စစ်တယ်။ ရာခိုင်နှုန်း ၆၀ လောက်ကတော့ သတ်မှတ်အချက်အလက်တွေထည့်နေပြီ။ ဆက်ပြီး ဈေးကွက်မှာလိုက်ကြည့်မယ်။ သတ်မှတ်ချက် အတိုင်းမပါဘူးဆိုရင် သတိပေးမယ်။ ဖြေရှင်းတင်ပြခိုင်းမယ်။ မဖြေရှင်းဘူးဆိုရင် ဈေးကွက်မှာ ရောင်းချခွင့်မပြုတော့ပါဘူး” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် လုပ်ငန်းတည်နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်အပတ်စဉ် အမှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အမှတ်နှင့် လိုင်စင်အမှတ်များ ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း၊ အစားအသောက် ထုတ်လုပ်သူများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် အစားအသောက်များ၏  အမှတ်တံဆိပ်ဖော်ပြချက်တွင် အထက်ပါ အချက်အလက်များကို ဇွန် ၃၀ ရက် နောက် ဆုံးထား၍ ထည့်သွင်းဖော်ပြရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် အမှတ်တံဆိပ်ဖော်ပြချက်တွင် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာမပါရှိပါက ဇူလိုင် ၁ ရက်မှစ၍ ဥပဒေအရ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း FDA က ကြေညာပြီးဖြစ်သည်။

Most Read

Most Recent