ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ ဝါးတန်း-ဒလ ကူးတို့ခရီးစဉ်တွင် ကူးတို့ရေယာဉ် တစ်စင်းအား အောက်တိုဘာ ၁ ရက်တွင် စတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမည်

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ ဝါးတန်း-ဒလ ကူးတို့ခရီးစဉ်တွင် ကူးတို့ရေယာဉ် တစ်စင်းအား အောက်တိုဘာ ၁ ရက်တွင် စတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမည်
Published 25 September 2018

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဝါးတန်း-ဒလ ကူးတို့ခရီးစဉ် ပြေးဆွဲနေသည့် ကူးတို့ရေယာဉ်အား တွေ့ရစဉ်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဝါးတန်း-ဒလ ကူးတို့ခရီးစဉ်တွင် ကူးတို့ရေယာဉ် တစ်စင်းအား အောက်တိုဘာ ၁ ရက် တွင် စတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ ဝါးတန်း-ဒလ ကူးတို့ရေလမ်းတွင် ဝါးတန်း မော်တော်ယာဉ် ဇက်ကူးတို့ဆိပ်မှ တစ်ဆင့် တစ်ဖက်ကမ်း ဒလသို့ ဇက်ရေယာဉ်များကို အသုံးပြု သွားလာနေသည့် ခရီးသည်များ ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန် လက်ရှိပြေးဆွဲနေသည့် ဇက်ရေယာဉ် တစ်စင်းအပြင် နောက်ထပ် ဇက်ရေယာဉ် တစ်စင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

“အောက်တိုဘာ ၁ ရက်ကစပြီး ဝါးတန်း-ဒလ ကူးတို့ရေလမ်းမှာ ဇက်ရေယာဉ်တစ်စင်းကို ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမှာပါ။ လက်ရှိက ဇက်ရေယာဉ် တစ်စင်းတည်းနဲ့ ပြေးဆွဲပေးနေတာဖြစ်လို့ နောက်ထပ် ရေယာဉ်တစ်စင်း ထပ်မံတိုးချဲ့ ပြေးဆွဲပေးတာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနသည် ပို့ဆောင်ရေးနယ်မြေအလိုက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ၆ ခု ဖြင့် ဖွဲ့စည်းထားပြီး ဌာနပိုင် ရေယာဉ်များဖြင့် ကူးတို့လမ်းများ အပါအဝင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ခရီးလမ်းများ ပြေးဆွဲခြင်း၊ ကုန်စည်သီးသန့် ပို့ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းပြင် ဌာနပိုင် ရေယာဉ်/တွဲယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ဌာနပိုင် သင်္ဘောကျင်း ခြောက်ကျင်းရှိပြီး အဆိုပါ သင်္ဘောကျင်းများတွင် ဌာနပိုင် ရေယာဉ်နှင့် တွဲယာဉ်များသာမက ပုဂ္ဂလိကပိုင် ရေယာဉ်များကို သတ်မှတ်နှုန်းထားများဖြင့် အသစ် တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန အနေဖြင့် နိုင်ငံတကာ အထောက်အပံ့နှင့် ဆောင်ရွက်သည့်လုပ်ငန်း အနေဖြင့် ဂျပန်အစိုးရ၏ ကူညီမှုဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ရေလမ်းခရီး၌ အသုံးပြုရန် ဂျပန်နိုင်ငံတွင် အသုံးပြုဆဲ ခရီးသည်တင် အမြန်ရေယာဉ် နှစ်စီးနှင့် ဂျပန်နိုင်ငံတွင် အသစ်တည်ဆောက်မည့် ခရီးသည်တင် အမြန်ရေယာဉ် တစ်စင်း၊ စုစုပေါင်း ရေယာဉ်သုံးစီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်သုံးစီးအနက် ပထမတစ်စင်း ဖြစ်သည့် ကစ္ဆပနဒီ ၁ ခရီးသည်တင် အမြန်ယာဉ်အား ၂၀၁၇၊ မတ်လတွင် လည်းကောင်း၊ ဒုတိယ တစ်စင်းဖြစ်သည့် ကစ္ဆပနဒီ ၁ ခရီးသည်တင် အမြန်ယာဉ်အား ၂၀၁၇၊ ဇူလိုင်တွင် လည်းကောင်း လက်ခံရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိ ခရီးသည်တင် ရေယာဉ်တစ်စင်းဖြစ်သည့် ကစ္ဆပနဒီ ၃ ခရီးသည်တင် ရေယာဉ်အား ဂျပန်နိုင်ငံတွင် အသစ်တည်ဆောက်နေပြီး ၂၀၁၉၊ ဧပြီလခန့်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သိရသည်။

Most Read

Most Recent