ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ

ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ
Published 25 September 2018

ဓာတ်ပုံ-လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု သိရသည်။

ကမ်းလွန်လုပ်ကွက်အမှတ် A-6၊ အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ၌ ထိုသို့ စမ်းသပ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းနေရာ၌ တွင်းတူးဖော်စမ်းသပ်နေမှုအား စက်တင်ဘာ ၂၂ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင် တွင်းတူးစက်ပေါ်၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ အစုရှယ်ယာဝင်များဖြစ်သည့် MPRL E&P၊ Woodside နှင့် Total ကုမ္ပဏီတို့မှ တာဝန်ရှိသူများက တွင်းတူးဖော်ခဲ့မှု အခြေအနေ၊ သဘာဝဓာတ်ငွေ့ စမ်းသပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အကဲဖြတ်တွင်း တူးဖော်စမ်းသပ်နေမှု အခြေအနေများအား လိုက်လံစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂)အား ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် စတင်တူးဖော်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ရည်မှန်းအနက် မီတာ ၄၈၅၀ (၁၅၉၁၂ ပေ) အထိ တူးဖော်ခဲ့ရာ အနက် ၄၃၇၃ မီတာခန့်တွင် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် အသားတင် ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ မီတာ ၄၀ ခန့်ကို စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် MPRL E&P Pte Ltd. မှ ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း ၂၀၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte Ltd. မှ ရာခိုင်နှုန်း ၄၀၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Co.,Ltd. မှ ရာခိုင်နှုန်း ၄၀ အသီးသီး အချိုးကျပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကို လုပ်ကွက် A-6 ၏ ပဉ္စမမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် ၂၃၂၅ မီတာနေရာ၌ တူးဖော်ခဲ့ခြင်းဖြစ်ပြီး ရှာဖွေရေးတွင်း၊ အကဲဖြတ်တွင်းများ တူးဖော်ခြင်း၊ ရှာဖွေခြင်းဆိုင်ရာ လုပ်ငန်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည့်အဆင့်အထိ ရောက်ရှိအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း တွင်းအမှတ် (၂) ၌ မူလမျှော်မှန်းထားသည်ထက် ပိုမိုထုထည် ကြီးမားသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောများတည်ရှိကြောင်း အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် ယခုအချိန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်း စုစုပေါင်း ငါးတွင်း တူးဖော်ခဲ့ပြီး ငါးတွင်းစလုံးတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့သည့်အတွက် ရာနှုန်းပြည့် အောင်မြင်မှုပင်ဖြစ်ကြောင်း MPRL E&P ရေနံကုမ္ပဏီက ထုတ်ပြန်ထားသည်။

Most Read

Most Recent