စံတော်ချိန်နေ့စဉ်သတင်းစာပါ ‘ပြောမိတော့မှာပဲ’ ဆောင်းပါးနှင့်ပတ်သက်၍ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်အား ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရ

စံတော်ချိန်နေ့စဉ်သတင်းစာပါ ‘ပြောမိတော့မှာပဲ’ ဆောင်းပါးနှင့်ပတ်သက်၍ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်အား ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရ
Published 24 September 2018

စံတော်ချိန်နေ့စဉ်သတင်းစာပါ ရွှေတိဂုံစေတီတော်နှင့် မဟာမြတ်မုနိဘုရား အကြောင်းအရာပါဝင်သော ပြောမိတော့မှာပဲ ဆောင်းပါးနှင့် ပတ်သက်၍ အယ်ဒီတာချုပ် နှင့် ဆောင်းပါးရှင်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင်  ပုဒ်မ -၂၉၅ ဖြင့် အမှုဖွင့်ထားကြောင်း စက်တင်ဘာ ၂၃ ရက်တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

အဆိုပါ ပြောမိတော့မှာပဲ ဆောင်းပါး နှင့် ပတ်သက်၍  အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်အား အရေးယူပေးရန် မြောက်ဥက္ကလာပမြို့နယ်နေ ဦးစိုးမင်းဦးဆိုသူက မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် စက်တင်ဘာ ၂၁ ရက်က တိုင်ကြားခဲ့ပြီး စက်တင်ဘာ ၂၂  ရက်တွင် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမှုဖွင့်အကြောင်းရင်းမှာ ဦးစိုးမင်ဦးသည် ၎င်း၏နေအိမ်၌  စက်တင်ဘာ ၁၇ ရက်၊ တနင်္လာနေ့ထုတ် စံတော်ချိန်နေ့စဉ် သတင်းစာ၊ အတွဲ(၆)၊ အမှတ်(၁၉၅၆)၊ စာ မျက်နှာ (၂၁) ရှိ ဆောင်းပါးရှင် ကောင်းဆက်နိုင် ရေးသော ပြောမိတော့မှာပဲ ခေါင်းစဉ်ပါ ဆောင်းပါးတွင် ပါဝင်သည့် ရွှေတိဂုံစေတီတော်အား ငွေတိဂုံ၊ ဘော်တိဂုံဟု လှောင်ပြောင်ခေါ်ဆိုသုံးစွဲခြင်းသည် လည်းကောင်း၊ ဆောင်းပါး၏ ပဉ္စမမြောက်အပိုဒ်တွင် “ဒါတော့ဒါပေါ့ဗျာ၊ ကျတ်သရေချင်းက ကွာသေးတယ်လေ၊ နိုင်ငံခြားသားတွေဆိုရင် လက်ညိုးတထိုးထိုးနဲ့ ဗုဒ္ဓဘာသာဝင်တွေက သူတို့ဘုရားတောင် ချမ်းသာမပေးဘူး၊ ဘုရားကို ဂျင်း(ချင်း)ထည့်သွားပုံများ၊ ဒါနဲ့တောင် သူ့ကိုယ်သူ တန်ခိုးကြီးဘုရားတဲ့လားဆိုပြီး အတင်းပြောနေကြတာဗျ၊ သိက္ခာကျလိုက်တာဗျာ” ဟုလည်းကောင်း တွေ့မြင်ဖတ်ရှုခဲ့ရသဖြင့်  ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ဝတ်ပြုသော ရွှေတိဂုံစေတီတော်နှင့် မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားတို့၏ ဘုန်းတန်ခိုးတို့ကို ယုတ်ညံ့စေနိုင်သည့် အသုံးအနှုန်းများဖြင့် ရေးသားဖြန့်ဝေခဲ့သည်ဟုဆိုကာ အမှုဖွင့် လှစ်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စံတော်ချိန်နေ့စဉ် သတင်းစာတိုက်မှ အယ်ဒီတာချုပ်(စုံစမ်းဆဲ)နှင့် ဆောင်းပါးရှင် ကောင်းဆက်နိုင်(စုံစမ်းဆဲ)တို့နှစ်ဦးကို အရေးယူပေးရန် တရားလို ဦးစိုးမင်းဦး၏ တိုင်တန်းချက်အရ ရာဇသတ်ကြီး ပုဒ်မ -၂၉၅ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အမှုစစ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းနိုင်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းနိုင်က “အခု အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်းကို အမှုဖွင့်ထားပါတယ်။ အယ်ဒီတာချုပ်နဲ့ အဆက်အသွယ်ရပါပြီ။ ဆောင်းပါးရှင်နဲ့တော့ အဆက်အသွယ် မရသေးပါဘူး။  ဆက်လက်ဆောင်ရွက်သွား ပါမယ်”ဟု ပြောကြားသည်။

Most Read

Most Recent