ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ သုံးခြင်းသည် ဥပဒေနှင့်လွတ်ကင်းသည့်အပြင် ရှေးထုံးရှိသည့်အတွက် ဆက်လက်သုံးစွဲမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား

ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ သုံးခြင်းသည် ဥပဒေနှင့်လွတ်ကင်းသည့်အပြင် ရှေးထုံးရှိသည့်အတွက် ဆက်လက်သုံးစွဲမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား
Published 24 September 2018

မီဒီယာများ၏ မေးမြန်းမှုအား NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ပြန်လည်ဖြေကြားစဉ်

ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်ရာတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံသုံးခြင်းသည် ဥပဒေနှင့် လွတ်ကင်းသည့်အပြင် ရှေးထုံးရှိသည့်အတွက် ဆက်လက်သုံးစွဲသွားမည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်တွင် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ လစဉ်ပြုလုပ်နေကျ ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးအပြီးတွင် ဒေါက်တာမျိုးညွန့်က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးအပြီးတွင် ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်ရာတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံသုံးစွဲ၍ မဲဆွယ်သည့်အတွက် ဝေဖန်တိုင်ကြားနေမှုများနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် မည်သို့လုပ်ဆောင် ရန်ရှိသလဲဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးမြန်းမှုအား ဒေါက်တာ မျိုးညွန့်က “ဒါတွေက ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ဒီလိုပုံတွေသုံးစွဲလို့ရတယ်ဆိုတဲ့ ခွင့်ပြုချက် မပေးခင်မှာ ဥပဒေပညာရှင်တွေနဲ့ အထပ်ထပ် ဆွေးနွေးပြီးပါပြီ။ နောက်ပြီးတော့ ယခင် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာလည်း သမ္မတရွှေစလွယ်နဲ့ ပုံတွေသုံးပြီးတော့ မဲဆွယ်ခဲ့တာ အထင်အရှားပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုသမ္မတကြီး ဦးဝင်းမြင့်က လွှတ်တော်မှာ မေးခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ကိုယ်တိုင်ဖြေထားခဲ့တဲ့ အဖြေတွေလည်း ကျွန်တော်တို့မှာ ရှိနေပါတယ်။ အဲဒီလို ရှေးထုံးပေါ့နော်။ ကျွန်တော်တို့ ဒါကို ရဲရဲရင့်ရင့်နဲ့ လုပ်ပါလို့ ပြောတာပါ။ ဒါတောင် ကျွန်တော်တို့ဟာ အင်မတန်သတိထားပြီးတော့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ပုံမှာ အုပ်ချုပ်ရေး အာဏာရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ရွှေစလွယ်မပါတဲ့ပုံပဲ သုံးရမယ်လို့ ကျွန်တော်တို့ စနစ်တကျ အမိန့်ချထားတာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက ဝေဖန်မှုတွေ ရှိပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒါတွေ ဆက်သုံးသွားဦးမလားဆိုသည့် မေးမြန်းချက်အပေါ်တွင် “သုံးမှာပါ။ ကျွန်တော်တို့ ဥပဒေနဲ့ လွတ်ကင်းကြောင်း ကျွန်တော်တို့ စိတ်ချယုံကြည်တဲ့အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ရဲရဲရင့်ရင့် သုံးစွဲသွားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြန်လည်ဖြေကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတိုးဝင်းအနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို အသုံးပြုသည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးမျိုးဝင်းကျော်က တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကန့်ကွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent