ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးအေး တရားစွဲဆိုခံရမှုနှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မည်ဟု USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးအေး တရားစွဲဆိုခံရမှုနှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မည်ဟု USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 24 September 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တို့အား အကြည်ညိုပျက်စေအောင် ပြောကြားသည်ဟုဆိုကာ ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးအေးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရခြင်းနှင့်ပတ်သက်၍ ဥပဒဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

စက်တင်ဘာ ၈ ရက်က ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာရှိ ဒေါ်ကေသီခိုင်၏ အိမ်ခြံဝင်းအတွင်း ဦးစိုးအေးနှင့် အဖွဲ့သည် တောင်သူများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲ၌ ဦးစိုးအေးက “မိမိအဖွဲ့မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် အဖွဲ့နှင့်မတူကြောင်း၊ ပါတီအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နေသည် မှာ ပြည်သူများ အသိပင်ဖြစ်ကြောင်း၊ ရခိုင်တွင် ကျောင်းဆရာမတစ်ဦးအား ဘင်္ဂါလီများမှ မတရားကျင့်ကြံခဲ့ကြောင်း၊ အဆိုပါဘင်္ဂါလီများ နေထိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ နေအိမ်များ၊ ကွန်ကရစ်လမ်းများ အပြည့်အစုံ ဆောက်လုပ်ပေးထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှလည်းပဲ နေအိမ်အလုံး ၈၀ ဆောက်လုပ်ပေးရကြောင်း၊ ရန်ကုန်မြို့တွင် နေထိုင်ရန် ဘင်္ဂါလီ ၄၀၀၀ ခန့်အား ဒေါ်အောင်ဆန်းစုကြည်မှ ခေါ်ယူကာ နေထိုင်ခွင့်ပေးထားကြောင်း၊ ဘင်္ဂါလီလူမျိုးများအား ခေါ်သွင်းလာပါက ဘင်္ဂါလီတိုင်းပြည်ဖြစ်တော့မှာပဲဟု ပြောကြားခဲ့ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရားမှာ ကုလားမဟုတ်ကြောင်း၊ ကိုယ့်လေကိုယ့်ရေ ကိုယ့်မြေကို တစ်စက်မျှမပေးနိုင်ကြောင်း၊ ရခိုင်တွင် ကုလားတစ်ယောက်မှာ မိန်းမလေး ယောက်ယူ၍ရကြောင်း၊ ထို့ကြောင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြရန်နှင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန် လိုအပ်ကြောင်း” စသည်ဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတော်အထိတ်တလန့်ဖြစ်စေမှု၊ လူမျိုးရေးခွဲခြား ပြောဆိုဟောပြောမှုတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်အရ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလိုဆောင်ရွက်နေမှုကို ဒီလိုပြောခဲ့ပါတယ်ဆိုပြီးတော့ စွပ်စွဲပြီးတော့ လုပ်ဆောင်မှုသည် ဒီမိုကရေစီကို အညွှန့်ချိုးတယ်လို့ ကျွန်တော်တို့ ပါတီက ဒါသုံးသပ်ထားပြီးသား ဖြစ်ပါတယ်။ ဆိုလိုတာကတော့ မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲအောင် တစ်နည်းအားဖြင့် ဦးစိုးအေးသည် ပြည်ခိုင်ဖြိုးပါတီ ရွှေဘိုခရိုင်မှာ ဒါတက်တက်ကြွကြ ွဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ နောက်ထူးခြားတာက အဲဒီဖြစ်စဉ် ဦးစိုးအေးဆောင်ရွက်တဲ့နယ်က ဝန်ကြီးချုပ်ရဲ့ မဲဆန္ဒနယ်ဆိုတာလည်း ကျွန်တော်တို့ သိရတယ်။ ဒီအပေါ်မှာ ဦးစိုးအေးအပေါ်မှာ တစိုက်မတ်မတ်နဲ့ နောက်ယောင်ခံပြီး လိုက်နေတယ်လို့ ကျွန်တော်တို့က ဒီလိုပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေဘောင်အတွင်းက ပြောသင့်ပြောအပ်တာ လုပ်သင့်လုပ် အပ်တာကို လုပ်သွားမှာပါ” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ဦးစိုးအေးအနေဖြင့် ၎င်း၏ ပြောကြားချက်ကို အွန်လိုင်းပေါ်တွင် တင်ခဲ့ခြင်း မရှိသည့်အတွက် ဦးစိုးအေးနောက်သို့ နောက်ယောင်ခံလိုက်သည်မှာ သေချာနေပြီး ထိုသို့ ဖြစ်ပါက တည်ဆဲနောက်ခယောင်ခံ ဥပဒေအရ နောက်ယောင်ခံရန် ဝရမ်းမပါ၊ အမိန့် ပေးစေခိုင်းခြင်း မရှိဘဲ ဆောင်ရွက်ပါက တာဝန်ရှိသူကို တရားစွဲဆို၍ ရကြောင်းလည်း ဦးသိန်းထွန်းဦးက ပြောကြားသည်။

Most Read

Most Recent