၁၉၀၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် ၁၁၀ ပြည့်အခမ်းအနား ကျင်းပခဲ့ပြီးနှစ် ၁၁၀ ပြည့်အထိမ်းအမှတ်အဖြစ် အထူးထုတ်တံဆိပ်ခေါင်း စတင်ရောင်းချ

၁၉၀၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် ၁၁၀ ပြည့်အခမ်းအနား ကျင်းပခဲ့ပြီးနှစ် ၁၁၀ ပြည့်အထိမ်းအမှတ်အဖြစ် အထူးထုတ်တံဆိပ်ခေါင်း စတင်ရောင်းချ
Published 24 September 2018

ရန်ကုန်စာတိုက်ကြီး၏ နှစ် ၁၁၀ ပြည့်အခမ်းအနားအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ ဖွင့်လှစ်စဉ်

၁၉၀၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် ၁၁၀ ပြည့် အခမ်းအနားအား စက်တင်ဘာ ၂၃ရက်နေ့က အဆိုပါအဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာသူများက တံဆိပ်ခေါင်းပြခန်းအတွင်း လိုက်လံကြည့်ရှုခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာတိုက်လုပ်ငန်းအား စစ်တွေမြို့တွင်၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ၁၈၅၂ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီးကိုလည်းကောင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ယခုအသုံးပြုနေသည့် ရန်ကုန်စာတိုက်ကြီး အဆောက်အအုံကို ၁၉၀၈ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း ရန်ကုန်စာတိုက်ကြီး၏ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန် အထူးထုတ်တံဆိပ်ခေါင်းအား စတင်ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရန်ကုန်စာတိုက်ကြီး၏ နှစ် ၁၁၀ ပြည့်အထိမ်းအမှတ် တံဆိပ်ခေါင်းအား ၂၀၁၈ခုနှစ်၊ စက်တင်ဘာ ၂၀ရက်တွင် စာတိုက်ရုံးများအားလုံးတွင် တစ်ပြိုင်နက်တည်း စတင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံဆိပ်ခေါင်း အရေတွက် အလုံးရေတစ်သန်း ပုံနှိပ်ထုတ်ဝေကာ တံဆိပ်ခေါင်း အရွယ်အစားမှာ 42 mm ×30 mm (Horizonal) အမျိုးအစားပုံစံ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ တံဆိပ်ခေါင်း တစ်ရွက်လျှင် အလုံးရေ ၅၀ ပါဝင်ပြီး စတင်ရောင်းချသည့်နေ့တွင် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် တံဆိပ်ခေါင်း ဝယ်ယူသူများအား ပထမနေ့ စာအိတ်နှင့် တံဆိပ်တုံးအား ရိုက်နှိပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့စာတိုက်လုပ်ငန်းအား ၂၀၁၅ခု နှစ် ဧပြီ ၁ရက်မှ စတင်ကာ ဖွဲ့စည်းပုံ အသစ်ဖြင့် စာတိုက်ရုံးပေါင်း ၁၃၈၇ ဖြင့် ကျေးလက်ဒေသအရောက် စာပို့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းပြင် ဂျပန်နိုင်ငံပြည်တွင်းရေးရာ နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ချုပ်ဆိုခဲ့သော နည်းပညာနှင့် နည်းစနစ်ကူညီပံ့ပိုးရေးဆိုင်ရာ သဘောတူစာချုပ်အား ၂၀၁၈ ခုနှစ်၊ မေလတွင် သက်တမ်းတိုးချုပ်ဆိုခဲ့ပြီး ၎င်း၏ ဆက်စပ်အစီအစဉ်အရ JICA ၏ စာတိုက်ဝန်ဆောင်မှုအရည်အသွေး မြင့်မားရေးအတွက် ၂၀၁၆ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ သုံးနှစ်တာ စီမံကိန်းကို ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent