ယခုနှစ် ခုနစ်လအတွင်း လမ်းဘေးကလေးငယ် ၄၂၇ ဦးကို ထိန်းသိမ်းခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

ယခုနှစ် ခုနစ်လအတွင်း လမ်းဘေးကလေးငယ် ၄၂၇ ဦးကို ထိန်းသိမ်းခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 24 September 2018

ယခုနှစ် ခုနစ်လအတွင်း လမ်းဘေး ကလေးငယ် ၄၂၇ ဦးအား ထိန်းသိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

“၂၀၁၈ ဇန်နဝါရီ ၁ ရက်ကနေ  ဇူလိုင် ၃ရက်အထိ ကလေးသူငယ်ထိန်းသိမ်းရမိမှုမှာ ယောကျ်ားလေး (၃၁၂) ဦး၊ မိန်းကလေး (၁၁၅) ဦး၊ ပေါင်း(၄၂၇)ဦး ထိန်းသိမ်းရမိပြီး ဖြစ်ပါတယ်။ အသက်အပိုင်းအခြားအလိုက် မွေးစမှ (၅ နှစ်) အထိ ရွှေဂုံတိုင်ကလေး ပြုစုရေးဌာနသို့ ပို့အပ်မှု၊ ကျားတစ်ဦး၊  (၆)နှစ်မှ (၁၂)ထိ သန်လျင် လူငယ်သင်တန်းကျောင်း ပို့အပ်မှု မ(၂၂)ဦး၊ မလိခအမျိုးသမီး သင်တန်းကျောင်း ပို့အပ်မှုမ(၁)ဦး ရှိပါတယ်” ဟု ဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။

ထို့ပြင် ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေး ဌာနပို့အပ်မှု မိခင်နှင့်အတူပါ ရင်ခွင်ပိုက် ကျား(၁၂၄)ဦး၊ မ(၇၀)ဦး၊ ရဲ စခန်းသို့အမှုဖြင့် ပြန်လည်လွှဲအပ်မှု ကျားသုံးဦး၊ မသန်စွမ်းသင်တန်းကျောင်းသို့ ပို့အပ်မှု ကျားတစ်ဦးပို့ခဲ့ပြီး၊ မိဘခံဝန်ဖြင့် ပြန်လည်အပ်နှံမှု ကျား(၁၃၇)ဦး၊ မ(၂၂)ဦး ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်းရမ်းစားသောက်နေသော ကလေးငယ်များ အရေအတွက် မည်မျှရှိသည်ကို စစ်တမ်းကောက် ယူထားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ၂၀၁၇ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ကလေးသူငယ် (၁၀၀၆) ဦး၊ ထိန်းသိမ်းရမိပြီး တိုင်းလူမှု ဝန်ထမ်းမှ အသက်အပိုင်းအခြားအလိုက် သတ်မှတ်ပေးသည့် နေရာများနှင့် သင်တန်းကျောင်းများသို့ ပို့အပ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အခန်း (၅) ကော်မတီ၏ လုပ်ငန်းတာဝန်များ ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄၈)တွင် လေလွင့်သွားလာနေသော စိတ်ဝေဒနာရှင်များ၊ ကိုယ်အရေပြားရောဂါ စွဲကပ်သူများနှင့် တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းတာဝန်များ ပြဋ္ဌာန်းထားတာရှိကြောင်း၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနကွပ်ကဲမှု အောက်ရှိ အခြေအနေမဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား အရာရှိ ဦးစီးအင်အား (၁+၅) ဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး နေ့စဉ်ထိန်းသိမ်း လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

“ထိန်းသိမ်းရမယ့်သူများထဲမှ ဥပဒေအရ အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက် ကလေးငယ်များအား မိခင်နဲ့အတူ ဝါးနက်ချောင်းလူမှု စောင့်ရှောက်ရေးဌာနသို့ ပို့အပ်ခြင်း၊ စာသင်အရွယ် ကလေးသူငယ်များ ပါရှိပါက မိဘမှ ထောက်ခံစာအပြည့်အစုံ တင်ပြချက်အရ မိဘအုပ်ထိန်းသူများထံခံဝန်ဖြင့် ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မိဘ / အုပ်ထိန်းသူများက လာရောက်ဆက်သွယ်ခြင်းမရှိသည့် ကလေးသူငယ်များအား တိုင်းလူမှုဝန်ထမ်း ဦးစီးဌာန၏ အစီအမံဖြင့် သင်တန်းကျောင်းများသို့ အပ်နှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများထံ အပ်နှံမှုအပိုင်းတွင် မိဘများကိုယ်တိုင် စီမံချက်ဌာနသို့ လာရောက်ရွေးထုတ်ပါက မိဘ / အုပ်ထိန်းသူကိုယ်တိုင်ဖြစ်ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်၊ သက်ဆိုင်ရာအပိုင် ရဲစခန်း၏ ထောက်ခံချက်နှင့် အိမ်ထောင်စု ဇယားမိတ္တူများ ပါရှိရမှာဖြစ်ပါကြောင်း၊ အကယ်၍ မိဘမရှိသူဖြစ်ပါက အရွယ်မရောက်သေးသူ ကလေးကို အုပ်ထိန်းသူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် အိမ်ထောင်စုဇယား ပြည့်စုံမှသာ ပြန်လည်အပ်နှံစေလွှတ်ပေးကြောင်း သိရသည်။

 

Most Read

Most Recent