ပြည်သူလူထု၏ ဆန္ဒအရ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကိုမူ သံသယဖြင့် စောင့်ကြည့်နေဆဲသာဖြစ်ကြောင်း USDP ပါတီ ပြောကြား

ပြည်သူလူထု၏ ဆန္ဒအရ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကိုမူ သံသယဖြင့် စောင့်ကြည့်နေဆဲသာဖြစ်ကြောင်း USDP ပါတီ ပြောကြား
Published 24 September 2018

ပြည်သူလူထု၏ဆန္ဒအရ ၂၀၁၈  ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်တွင်မူ  ယုံကြည်သည့်အနေအထားမျိုးမဟုတ်ဘဲ သံသယဖြင့် စောင့်ကြည့်နေဆဲသာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

လတ်တလော ဖြစ်ပေါ်နေသော  နိုင်ငံ့အရေးကိစ္စများနှင့်ပတ်သက်၍  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် The Daily Eleven ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးပါတီအနေနဲ့  ဘာကြောင့်ဝင်ရောက် ယှဉ်ပြိုင်သလဲလို့မေးရင် ပြည်သူလူထုရဲ့ဆန္ဒအရ  ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်။ UEC အပေါ်မှာ ယုံကြည်တယ်ဆိုတဲ့ အနေအထားတော့ မဟုတ်ဘူး။ UEC အပေါ်မှာတော့ ကျွန်တော်တို့က သံသယနဲ့ စောင့် ကြည့်နေဆဲပဲဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆုံးဖြတ်ခဲ့သော ဆောင်ရွက်ချက်များ၊ ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင်ဆုံးဖြတ်ခဲ့သော  ဆောင်ရွက်ချက်များ၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဒေသမှ လွှတ်တော်ကိုယ်စားလှယ်က လိုလားသောပုဂ္ဂိုလ် ထည့်သွင်းခြင်းများ စသည့်ဖြစ်စဉ်များ အပေါ် ပြည်ခိုင်ဖြိုးပါတီနှင့်အခြားသော ပါတီများက ရွေးကောက်ပွဲကော်မရှင်ထံတင်ပြသကဲ့သို့ USDP လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြတ်သားစွာ ငြင်းဆိုခဲ့ခြင်းမရှိသကဲ့သို့ အရေးယူဆောင် ရွက်ခဲ့ခြင်းမျိုးလည်း မရှိကြောင်း ၎င်းက ပြောကြားသည်။

“လွှတ်တော်မှာလည်း ဒါလူ ပုဂ္ဂိုလ်ရဲ့ဆန္ဒပဲ၊ အမြင်ပဲဖြစ်တယ် ဆိုတဲ့ ပုံစံမျိုးပဲ ဖြေပြီးတော့ တိတိကျကျ ဖြေကြားမှု ဆောင်ရွက်မှုမျိုး မလုပ်ခဲ့ဘူး။ ဆိုတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ နိုင်ငံ ရေးပါတီတွေအနေနဲ့ UEC အပေါ်မှာ ယုံကြည်မှု အားနည်းပါတယ်။ကျွန်တော်တို့ သံသယနဲ့စောင့်ကြည့် နေရတဲ့အနေအထားပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကမူ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအားလုံး၏ တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် သက်သေပြမည်ဟု ကော်မ ရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီအတွက် ကျွန်တော်တို့ကလည်း ကြိုဆိုပါတယ်။ ဒါကြောင့် အခုအချိန်မှာ ရွေးကောက်ပွဲကော် မရှင်အပေါ်မှာတော့ သံသယနဲ့ စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်။ ယုံကြည်ခြင်း မယုံကြည်ခြင်းကတော့ ဒီ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်လာမယ့် ဖြစ်စဉ်တွေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာမယ့် ဖြစ်စဉ်တွေအပေါ်မှာ ပဲ ကျွန်တော်တို့ သုံးသပ်ဆုံးဖြတ်ပေး သွားမှာပဲဖြစ်ပါတယ်လို့ ကျွန်တော် တင်ပြလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent