ကျန်းမာရေး ဝန်ထမ်းများအတွက် ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ဝန်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၀၀ ကျော် ဆောက်လုပ်ပြီးစီး

ကျန်းမာရေး ဝန်ထမ်းများအတွက် ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ဝန်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၀၀ ကျော် ဆောက်လုပ်ပြီးစီး
Published 23 September 2018

တည်ဆောက်ပြီးစီးခဲ့သည့် ဝန်ထမ်းအိမ်ရာ တစ်ခုအား တွေ့ရစဉ်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်လျက်ရှိရာ ယခုနှစ်အတွင်း ဆောက်လုပ်ရန် လျာထားသည့် ဝန်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၄၄ ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဘဏ္ဍာနှစ်တွင် အိမ်ရာအလုံးပေါင်း ၃၈၀ ကျော်ဆောက်လုပ်ရန် လျာထားခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောက်လုပ်လျက်ရှိသည့် အိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၂၉၄ ခု (အိမ်ခန်းပေါင်း၂၉၇၇ ခန်း)၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၅၈ ခု (အိမ်ခန်းပေါင်း ၁၆၂  ခန်း)၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာပေါင်းတစ်ခု (အိမ်ခန်းပေါင်း ၃၆ ခန်း)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် အိမ်ရာပေါင်း၂၇ ခု (အိမ်ခန်းပေါင်း ၄၀၀)၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် အိမ်ရာတစ်ခု (အိမ်ခန်းတစ်ခန်း)တို့ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

“ဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းတွေရဲ့ နေထိုင်ရေး အဆင်ပြေစေဖို့ ဒီ ၂၀၁၈ ခုနှစ်ကို ဝန်ထမ်းအိမ်ရာများ ဦးစားပေး ဆောက်လုပ်မည့်နှစ်အဖြစ် သတ်မှတ်လုပ်ဆောင် နေပါတယ်။ ဒီလိုဆောက်လုပ်တဲ့အခါ သတ်မှတ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုခွဲဝေရရှိသော ဘဏ္ဍာငွေအပေါ် မူတည်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ဘဏ္ဍာနှစ်နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွေမှာ ဦးစီးဌာန အသီးသီးက ဆောက်လုပ်ရန်လျာထားတဲ့ ဝန်ထမ်းအိမ်ရာနဲ့ ပြီးစီးမယ့် ခန့်မှန်းဝန်ထမ်းအိမ်ရာ စာရင်းကို တွက်ချက်ထားပါတယ်။ အခုခြောက်လ ကာလတို ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှာ ဝန်ထမ်းအိမ်ရာပေါင်း ၃၈၁ ခု ဆောက်လုပ်နေပါတယ်။ လာမယ့် ဘဏ္ဍာနှစ်မှာလည်း ဆက်လက် ဆောင်ရွက်မယ့် အိမ်ရာတွေကိုလည်း တွက်ချက်ထားပြီး ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent