ဒေါ်လာဈေး မြင့်တက်လာသောကြောင့် ဆေးဝါးဈေးကွက်အတွင်း အရောင်းရပ်ထားခြင်း မပြုလုပ်ရန်နှင့် ဆေးဈေးနှုန်း ကြီးမြင့်စွာ မရောင်းချရန် ဆေးကုန်သည်များ အသင်းဥက္ကဋ္ဌ ပြောကြား

ဒေါ်လာဈေး မြင့်တက်လာသောကြောင့် ဆေးဝါးဈေးကွက်အတွင်း အရောင်းရပ်ထားခြင်း မပြုလုပ်ရန်နှင့် ဆေးဈေးနှုန်း ကြီးမြင့်စွာ မရောင်းချရန် ဆေးကုန်သည်များ အသင်းဥက္ကဋ္ဌ ပြောကြား
Published 23 September 2018

မြန်မာနိုင်ငံ၏ အကြီးဆုံး ဆေးဈေးကွက်ဖြစ်သော ရွှေပြည့်စုံဈေးမှ ဆေးဆိုင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နိုင်ငံခြားငွေလဲနှုန်း စံချိန်တင် မြင့်တက်လာသောကြောင့် ဆေးဝါးဈေးကွက်အတွင်း အရောင်းရပ်ထားခြင်း မပြုလုပ်ရန်နှင့် ဆေးဈေး မြင့်တက်စွာ ရောင်းချခြင်းမပြုရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ပြောကြားသည်။

“ဆေးကုန်သည်တွေလည်း အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့လည်း လူနာတွေရဲ ့မျက်နှာကိုကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ အထူးသဖြင့် အရောင်းမရပ်ကြဖို့ပေါ့ လေ။ မေတ္တာရပ်ခံပါတယ်။ တကယ်လက်တွေ့မှာလည်း ကျွန်တော်တို့ မေတ္တာရပ်ခံတာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ချင်မှ အောင်မြင်မှာပေါ့လေ။ ကျွန်တော်တို့ကလည်း ဒေါ်လာဈေး ချနိုင် မချနိုင်နဲ့မဆိုင်ပါဘူး။ ဒီဟာကလည်း စီမံဘဏ္ဍာနဲ့ ဗဟိုဘဏ်နဲ့ပဲ ဆိုင်တာလေ” ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောကြားသည်။

ထို့ပြင် ၎င်းတို့အသင်း အနေဖြင့် ဆေးဝါးဈေးကွက်အတွင်း ယာယီ အရောင်းရပ်နားထားခြင်း မပြုလုပ်ရန်နှင့် သင့်လျော်သော ဈေးနှုန်းဖြင့်သာ ရောင်းချပေးရန်လည်း စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းများအား လိုအပ်သော ဆေးရုံ၊ ဆေးခန်းများ၊ ဆရာဝန်ကြီးများ၊ လူနာများထံ ရောင်းချရာတွင် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရမှုများ မဖြစ်ပေါ်စေရန် ဆေးကုမ္ပဏီများ အနေဖြင့် အနည်းဆုံးနှင့် သင့်လျော်သော ဈေးနှုန်းဖြင့်သာ ရောင်းချရန်နှင့် ဈေးကွက်အတွင်း ဆေးပြတ်လပ်မှု မရှိစေရန်နှင့် တတ်နိုင်သလောက် ယာယီအရောင်းရပ်ထားခြင်း မပြုရန်လည်း နှိုးဆော်ထားသည်။ ပြည်တွင်း ဆေးဝါးလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်းကို ပြည်တွင်း၌သာ ထုတ်လုပ်ထားပြီး ကျန်ဆေးဝါး လိုအပ်ချက် ၈၂ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းကြောင်း သိရသည်။

ထို့ကြောင့် ဒေါ်လာဈေးများ မြင့်တက်လာတိုင်း ဆေးဝါးဈေးနှုန်း မြင့်တက်မှု မရှိစေရန် ပြည်တွင်း၌ ဆေးဝါးများ အမြောက်အမြား ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသင့်ကြောင်း ဦးဇော်မိုးခိုင်က ပြောကြားသည်။

“ဆေးကလည်း ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ နိုင်ငံခြားမှ တင်သွင်းနေရတော့။ ဒေါ်လာဈေးအပေါ် အရမ်းမူတည်ပါတယ်။ နောက်တစ်ချိန် ဒေါ်လာဈေးတက်တိုင်း ဆေးဈေးမတက်ဖို့ဆိုတာ ပြည်တွင်းမှာ ဆေးဝါးထုတ်လုပ်ဖို့အရမ်းလိုပါတယ်။ ဒေါ်လာဈေးတက်တိုင်း ပြည်ပကနေ တင်သွင်းလာတဲ့ ဆေးတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အချို့ကုမ္ပဏီတွေက ဆေးဈေးမတက်ဘူးဆိုတာ သူတို့ကုမ္ပဏီမှာ ဆေးတွေကျန်နေ သေးတဲ့အတွက် ဈေးမတက်သေးတာ” ဟု ဦးဇော်မိုးခိုင်က ပြောကြားသည်။

ယခင်လက ဆေးဝါးဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဆေးဈေးနှုန်း သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ဒေါ်လာဈေး ထပ်မံမြင့်တက် လာသောကြောင့် ယခင် ခုနစ်ရာခိုင်နှုန်းထက် ပို၍ဈေးမြင့်တက် လျက်ရှိကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံးဆေးဝါး ဈေးကွက်ဖြစ်သည့် ရွှေပြည့်စုံဈေးမှ ဆေးရောင်းချသူအချို့က ပြောကြားသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ဆေးဝါး အများစုမှာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများ၌ အခြေစိုက် ထုတ်လုပ်သည့် ဆေးကုမ္ပဏီများမှ ဆေးဝါးများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent