မောင်တောမြို့နယ်သည် ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက် သာလာယံဇရပ်ကဲ့သို့ ဖြစ်နေကြောင်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သုံးသပ်

မောင်တောမြို့နယ်သည် ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက် သာလာယံဇရပ်ကဲ့သို့ ဖြစ်နေကြောင်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သုံးသပ်
Published 23 September 2018

မောင်တောမြို့နယ်သည်  ဝင်ချင်သလို ဝင်၊ ထွက်ချင်သလိုထွက် သာလာယံဇရပ်ကဲ့သို့ ဖြစ်နေကြောင်း မောင်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက သုံးသပ်ပြောကြားသည်။

အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လက်ရှိတွင် ပြန်လည်လက်ခံရေး လုပ်ငန်းများကို အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း မောင်တောမြို့နယ်အတွင်း ခိုးဝင်လာသူများ ရှိနေကြောင်းနှင့် ယင်းသို့ ခိုးဝင်လာသူ များလာရခြင်းမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောကြားသည်။

“တရားမဝင် ဖြတ်ကျော်တာတွေ၊ နယ်စပ်ဖြတ်ကျော် ခိုးဝင်တာတွေ ရှိနေပါတယ်။ ဒါကို မနေ့က ဒေါက်တာ ဝင်းမြတ်အေးကိုလည်း ပြောလိုက်ပါတယ်။ မောင်တောမှာက နတ်မြစ်ထဲမှာလည်း Navy တွေရှိတယ်။ ကမ်းခြေမှာလည်း လုံခြုံရေးလည်းရှိတယ်။ ဘယ်လိုခိုးဝင်လို့ရမလဲ။ အခုက တရားဝင် သွားလာနေသလို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် ကျွန်တော်တို့ မောင်တောမြို့နယ်ဟာ သာလာယံဇရပ်လို ဖြစ်နေပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်နေလဲဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်ရတာ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောကြားသည်။

ထို့ပြင် မောင်တောဒေသ၏ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပေးရန်နှင့် လုံခြုံရေး တာဝန်ရှိသူများလည်း တရားဥပဒေ စိုးမိုးရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်ကတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပေးဖို့။ အဲဒီလုံခြုံရေးကို တာဝန်ရှိသူတွေကလည်း တရားဥပဒေစိုးမိုးဖို့ လိုတယ်ဆိုပြီး ဖြည့်စွက်ပြောလိုပါတယ်” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောကြားသည်။

လက်ရှိတွင် တရားဝင် ပြန်လည်ဝင်ရောက်လာသူ အနည်းငယ်သာ ရှိသော်လည်း ခိုးဝင်လာသူ အများအပြားမှာ မောင်တောမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများတွင် မြင်တွေ့နေရကြောင်းနှင့် ယင်းသို့ တစ်စတစ်စ များပြားလာပါက အကြမ်းဖက်မှုများ၊ လူနည်းစု တိုင်းရင်းသားများ သတ်ဖြတ်ခံရမည်ကို စိုးရိမ်စရာ ဖြစ်လာကြောင်း မောင်တောဒေသခံများက သုံးသပ်ပြောကြားကြသည်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြသူများအနက် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာပြီး UEHRD လုပ်ငန်းစဉ်ဖြင့် တရားဝင် ပြန်လည်လက်ခံခဲ့သူ စုစုပေါင်း ၁၇၁ ဦးသာရှိကြောင်း သိရသည်။

ဝင်ရောက်လာသူများအနက် ၂၀၁၈ ခုနှစ် ဧပြီ ၁၄ ရက်တွင် တောင်ပြိုလက်ခံရေး စခန်းမှ ဝင်ရောက်လာသူ ငါးဦး၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် ပြန်လည် ခိုးဝင်လာသဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရပြီးနောက် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူ ၆၂ ဦး၊ ဇွန်အတွင်းက ရသေ့တောင် ကမ်းခြေသို့ စက်လှေပျက်ပြီး ရောက်ရှိလာသူ ၉၂ ဦး နှင့် ဇူလိုင် ၂၁ ရက်က ငါးခူရ ပြန်လည်လက်ခံရေး စခန်းမှ ပြန်လည် ဝင်ရောက်လာသူ ခြောက်ဦး၊ စက်တင်ဘာ ၄ ရက်က တောင်ပြိုလက်ခံရေးစခန်းမှ ပြန်လည် ဝင်ရောက်လာသူ ခြောက်ဦး စုစုပေါင်း ၁၇၁ ဦး ဖြစ်ကြောင်း သိရသည်။

ပြန်လည် ဝင်ရောက်လာသူများထဲတွင် တရားဝင် သက်ဆိုင်ရာ ပြန်လည်လက်ခံရေး စခန်းကို အကြောင်းကြားပြီး ပြန်ဝင်လာသူမှာ ၁၇ ဦးသာရှိပြီး အခြားဝင်ရောက်လာသူများမှာ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent