မုံရွာမြို့တွင် တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေသည့် ရှမ်းနီတိုင်းရင်းသား ကျောင်းသားသုံးဦး ဓားဖြင့်အထိုးခံရပြီး ကျောင်းသားတစ်ဦး စိုးရိမ်ရ

မုံရွာမြို့တွင် တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေသည့် ရှမ်းနီတိုင်းရင်းသား ကျောင်းသားသုံးဦး ဓားဖြင့်အထိုးခံရပြီး ကျောင်းသားတစ်ဦး စိုးရိမ်ရ
Published 23 September 2018

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေကြသည့် ရှမ်းနီတိုင်းရင်းသား ကျောင်းသားသုံးဦး ဓားထိုးခံရပြီး ကျောင်းသားတစ်ဦး စိုးရိမ်ရကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက် ည ၉ နာရီခန့်က တက္ကသိုလ်ကျောင်းအနီးရှိ အမျိုးသမီး ဘော်ဒါဆောင်ရှေ့တွင် အဆိုပါ ဓားထိုးခံရသည့် ကျောင်းသားများက ဂစ်တာတီးနေချိန်တွင် အမည်မသိ လူတစ်ဦးက ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဓားထိုးခံရတာက သုံးယောက်ပါ။ သုံးယောက်စလုံးက ရှမ်းနီတိုင်းရင်းသားတွေ ချည်းပါပဲ။ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အတွက် ခွဲစိတ်ခန်းထဲကို ပို့လိုက်ပါပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ မစိုးရိမ်ရပါဘူး။ သူတို့ကတော့ အပြင်မှာပဲ ဆေးကုသနေတယ်။ စာမေးပွဲဖြေဆိုတာ နှစ်ဘာသာတောင် ပြီးနေပြီ။ တက္ကသိုလ်ကျောင်း အနီးနားမှာ အမျိုးသမီး ဘော်ဒါဆောင် တစ်ခုရှိတယ်။ ဓားထိုးခံရတဲ့ ကျောင်းသားတွေက အဆောင်ရှေ့မှာ ဂစ်တာထိုင်တီး နေတာတဲ့။ ကျောင်းသားတွေက အမျိုးသမီး အဆောင်ရှေ့မှာ စုပြီးတော့ ဂစ်တာတီးတာလို့ပြောတယ်။ ဂစ်တာတီးနေတဲ့အချိန်မှာ အမည်မသိလူတစ်ဦးက ဂစ်တာတီးနေတဲ့ ကျောင်းသားတွေထဲကို ဝင်လာပြီး ဓားနဲ့ရမ်းတာတွေ လုပ်တယ်ပြောတယ်။ ပြီးတော့ ဓားနဲ့လည်း ထိုးသွားတာလို့လည်း ပြောပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၏ PSO ဖြစ်သူ ကိုစိုင်းအုန်းလွင်က ပြောကြားသည်။

ဓားထိုးခံရသည့် တက္ကသိုလ်ကျောင်းသား သုံးဦးသည် ဆန်းသော် (စတုတ္ထနှစ် ဓာတုဗေဒ၊ မုံရွာတက္ကသိုလ်)၊ ဟုမ္မလင်းမြို့နယ် ပင်းဖဖာကျေးရွာ၊ အောင်မြင့်ဗိုလ် (ဒုတိယနှစ် ပထဝီ၊ မုံရွာတက္ကသိုလ်)၊ ဟုမ္မလင်းမြို့နယ် ပင်းဖဖာကျေးရွာ၊ နေထူးအောင် (တတိယနှစ် ဘူမိဗေဒ၊ မုံရွာတက္ကသိုလ်) ဟုမ္မလင်းမြို့နယ် ကသာကျေးရွာတို့ သုံးဦးဖြစ်ကြောင်း သိရသည်။

ဆန်းသော်နှင့် အောင်မြင့်ဗိုလ်တို့ နှစ်ဦးသည် ဓားဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း၊ နေထူးအောင်သည် ညာဘက်ရင်အောက်၊ ဘယ်ဘက်ရင်အောက် စသည့်နေရာ အတော်များများတွင် ဓားထိုးဒဏ်ရာ ရရှိခဲ့သောကြောင့် ၎င်းမှာ စိုးရိမ်ရကြောင်း သိရသည်။

 

Most Read

Most Recent