ရဲစည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ရှစ်လအတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦး အရေးယူခံရ

ရဲစည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ရှစ်လအတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦး အရေးယူခံရ
Published 23 September 2018

ရဲစည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ရှစ်လအတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦးအား အရေးယူခံခဲ့ရကြောင်း၊ ကိုယ်ကျိုးရှာမှု၊ တရားခံညှဉ်းပန်းမှု၊ တရားခံပြေးမှု၊ တာဝန်ပေ့ါလျော့ ပျက်ကွက်မှု၊ ကိုယ်ကျင့်ပျက်မှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ ရဲပြေးမှုနှင့် အခြားအမှုများ ကျူးလွန်မှုကြောင့် ရဲစည်းကမ်း ဥပဒေဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“အရေးယူခံထားရတဲ့ ရဲအရာရှိတွေကတော့ ဒုရဲအုပ်အဆင့်ကနေ ရဲမှူးအဆင့်ထိပါ ပါတယ်။ အခြားအဆင့်တွေကတော့ ရဲတပ်သားကနေ တပ်ကြပ်ကြီး အဆင့်ထိပါပါတယ်။ တိုင်ကြားလာမှု မှန်ကန်လို့ အရေးယူတာ၊ စိစစ်တွေ့ရှိလို့ အရေးယူတာတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ရိုက်ပေါ်ပေါက်လို့ အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေရှိသလို စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

တိုင်းရဲတပ်ဖွဲ့ထံမှ ရရှိသည့် စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ အမှုပေါင်း ၁၃၆ မှု၌ ရဲတပ်ဖွဲ့ဝင် အရာရှိ ၆၉ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၁၁၀ ဦးအား ရဲစည်းကမ်းအရ အရေးယူခဲ့သည်။

“ရဲစည်းကမ်း ဥပဒေအရ မှတ်တမ်းဝင် သတိပေးတာ၊ ရာထူးလျှော့ချတာ၊ တပ်ဖွဲ့ကနေထုတ်တာ၊ ထောင်ဒဏ် ချမှတ်တာတွေ အပြစ်ပေးနိုင်ပါတယ်။ အခုဖြစ်စဉ်တွေမှာလည်း စိစစ်တွေ့ရှိချက်အပေါ် မူတည်ပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်” ဟု ဒုရဲမှူးကြီး ထွန်းရွှေက ဆိုသည်။

ကိုယ်ကျိုးရှာမှုကြောင့် ရဲအရာရှိ ခြောက်ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို အရေးယူထားကြောင်း၊ တရားခံ ညှဉ်းပန်းမှုကြောင့် ရဲအရာရှိ ငါးဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို အရေးယူထားကြောင်း၊ တရားခံပြေးမှုကြောင့် ရဲအရာရှိ သုံးဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင်လေးဦးကို အရေးယူထားကြောင်း၊ တာဝန်ပေါ့လျော့ ပျက်ကွက်မှုကြောင့် ရဲအရာ ရှိ ၄၀၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို အရေးယူထားကြောင်း၊ ကိုယ်ကျင့်ပျက်မှုကြောင့် ရဲအရာရှိ နှစ်ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို အရေးယူထားကြောင်း၊ ခွင့်မဲ့ပျက်ကွက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ အခြား အဆင့်ရဲတပ်ဖွဲ့ဝင် ၂၂ ဦးကို အရေးယူထားကြောင်း၊ ရဲပြေးမှုကြောင့် ရဲအရာရှိနှစ်ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၆ ဦးကို အရေးယူထားကြောင်း၊ အခြားအမှုများကြောင့် ရဲအရာရှိ ၁၀ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၄ ဦးကို အရေးယူထားကြောင်း သိရသည်။

ကိုယ်ကျိုးရှာမှု၊ တရားခံညှဉ်းပန်းမှု၊ တာဝန်ပေါ့လျော့ ပျက်ကွက်မှုနှင့် ကိုယ်ကျင့်ပျက်မှုတို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်များ အရေးယူခံရမှုမှာ ပြီးခဲ့သည့်နှစ် ကာလတူထက် ယခုနှစ်တွင် များပြားခဲ့ပြီး တရားခံပြေးမှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ ရဲပြေးမှုနှင့် အခြားအမှုများကြောင့် အရေးယူခံရမှုမှာ ယခုနှစ်တွင် လျော့နည်းလာကြောင်း သိရသည်။

Most Read

Most Recent