အီရန်စစ်ရေးပြပွဲသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၂၄ ဦးသေဆုံး၊ အစိုးရက အမေရိကန် မဟာမိတ်အား အပြစ်တင်

အီရန်စစ်ရေးပြပွဲသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၂၄ ဦးသေဆုံး၊ အစိုးရက အမေရိကန် မဟာမိတ်အား အပြစ်တင်
Published 23 September 2018

စက်တင်ဘာ ၂၂ ရက်တွင် အီရန်တောင်ပိုင်း အာဗစ်မြို့၌ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် အကာအကွယ်ယူနေသူများကို တွေ့ရစဉ်

အီရန်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် စက်တင်ဘာ ၂၂ ရက်က စစ်ရေးပြချီတက်ပွဲတစ်ခုပြုလုပ်စဉ် စစ်သွေးကြွများ၏ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ ရှားရှားပါးပါးဖြစ်ပွားသည့် ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အီရန်အစိုးရက ဒေသတွင်းမှ အမေရိကန်မဟာမိတ်အပေါ် အပြစ်တင်ထားသည်။

အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်မှုဟု နာမည်တပ်ထားသည့် ထိုဖြစ်စဉ် နှင့် ပတ်သက်ပြီး တာဝန်ရှိကြောင်း မည်သူကမျှ မထုတ်ပြန်သေးပေ။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသူ ၅၄ ဦးထက်မနည်း ရှိခဲ့သည်။

ယခုပစ်ခတ်မှုသည် ခူဇီစတန်ပြည်နယ်ထဲရှိ အာဗစ်မြို့ထဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီရတ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသော ခူဇီစတန်ပြည်နယ်ထဲတွင် အာရပ်မျိုးနွယ်စုဝင် အများအပြား နေထိုင်ကြပြီး ယခင်က ယင်း ပြည်နယ်ထဲ၌ ခွဲထွက်ရေး အကြမ်းဖက်ဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့ဖူးသည်။

အာဗစ်မြို့ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဒေသတွင်းမှ အမေရိကန်မိတ်ဖက်နိုင်ငံတစ် နိုင်ငံတွင် တာဝန်ရှိသည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ပြောကြားခဲ့သည်။ နိုင်ငံခြား တိုင်းပြည်တစ်ခုကနေ လူစုဆောင်း၊ လက်နက်တပ်ဆင်၊ လေ့ကျင့်၊ ငွေပေးနေတဲ့ အကြမ်းဖက်သမားတွေက အာဗစ်ကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေမှာ ဒေသတွင်းက အကြမ်းဖက်သမား ထောက်ပံ့သူတွေနဲ့ သူတို့ရဲ့ဆရာ အမေရိကန်မှာ တာဝန်ရှိတယ်လို့ အီရန်အနေနဲ့ ယူဆပါတယ်” ဟု ဇာရစ်က Twitter တွင် ရေးသားခဲ့သည်။

သေဆုံးသူများတွင် ဂျာနယ်လစ်တစ်ဦးနှင့်အတူ အစိုးရတပ်ဖွဲ့ဝင်ရှစ်ဦးမှ ကိုးဦးအထိ ပါဝင်သည်ဟုသိရပြီး သေဆုံးသူဦးရေ ထပ်မံတိုးမြင့်လာနိုင်သည်ဟု တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ဖြစ်စဉ်မှာ ၁၉၈၀-၈၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည် အီရန်-အီရတ်စစ်ပွဲကြီး စတင်ခဲ့ချိန်၏ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စစ်ရေးပြ အခမ်းအနားပြုလုပ်စဉ် နံနက် ၉ နာရီတွင် စစ်သွေးကြွ လေးဦးက လာရောက် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ တိုက်ခိုက်သူနှစ်ဦးမှာ သေဆုံးပြီး ကျန်နှစ်ဦးကို ဖမ်းဆီးမိခဲ့သည်။

သတင်းများတွင် ဖော်ပြချက်အရတိုက်ခိုက်သူများသည် အီရန်စစ်ယူနီဖောင်းများ ဝတ်ဆင်ကာ ရုပ်ဖျက်လာကြသည်ဟု သိရသည်။ သေနတ်သမားများသည် စစ်ရေးပြပွဲအား ကြည့်ရှုသူများကို မတိုက်ခိုက်နိုင်မီမှာပင် လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့ကို ထိန်းချုပ်လိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဆော်ဒီကို လက်ညှိုးထိုး နိုင်ငံခြားရေးဝန်ကြီး ဇာရစ်သည် ပစ်ခတ်မှုအတွက် မည်သည့်ဒေသတွင်းအစိုးရတွင် တာဝန်ရှိဟု မပြောခဲ့သော်လည်းအီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က တိုက်ခိုက်ရေးသမားများသည် ဆော်ဒီမှ ထောက်ပံ့သူ များဖြစ်သည်ဟု ဆိုကြသည်။ အီရန်သည် အမြန်ဆုံးတုံ့ပြန်ကာ နိုင်ငံသားများ၏ အသက်ကို ကာကွယ်သွားရန် ဆုံးဖြတ်ထားသည်ဟုလည်း ထိုအစောင့်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ယခုတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် မြို့တော်တီဟီရန်၌ အဓိကနှစ်ပတ်လည်စစ်ရေး ပြတစ်ခုကို ကျင်းပနေခဲ့ပြီး ယင်းပွဲသို့အီရန် သမ္မတဟက်ဆန်ရိုဟာနီနှင့် အခြားပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ခူဇီစတန်ပြည်နယ်သည် ၁၉၈၀ ပြည့်လွန်နှစ် စစ်ပွဲကာလအတွင်းက အဓိက စစ်မြေပြင်ဖြစ်ခဲ့သည့်နေရာဖြစ်သည်။ ထိုကြောင့် အာဗစ်စစ်ရေးပြပွဲကို တိုက်ခိုက်ခြင်းသည် သိသာထင်ရှားသော သင်္ကေတ တန်ဖိုးရှိနေသည်။

Most Read

Most Recent