အင်းဝရှိ ဒုဋ္ဌဝတီမြစ် ကမ်းပါးပြိုကာကွယ်ရေး ကျောက်စီကမ်းထိန်းလုပ်ငန်းမှာ လပိုင်းအတွင်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် လုပ်ကိုင်သည့် ကုမ္ပဏီအား တင်ဒါစည်းကမ်းအရ အရေးယူသွားမည်

အင်းဝရှိ ဒုဋ္ဌဝတီမြစ် ကမ်းပါးပြိုကာကွယ်ရေး ကျောက်စီကမ်းထိန်းလုပ်ငန်းမှာ လပိုင်းအတွင်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် လုပ်ကိုင်သည့် ကုမ္ပဏီအား တင်ဒါစည်းကမ်းအရ အရေးယူသွားမည်
Published 23 September 2018

ဒုဋ္ဌဝတီမြစ်ကမ်းပါးပြို ကာကွယ်ရေး ကျောက်စီရေထိန်းတမံကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် တံတားဦ မြို့နယ် အင်းဝရှေးဟောင်း နယ်မြေဈေးချိုရပ်ကွက်အနီး ဒုဋ္ဌဝတီမြစ်ကမ်းပါးပြို ကာကွယ်ရေး ကျောက်စီရေထိန်းတမံ တည်ဆောက်ရေးဆောင်ရွက်ခဲ့သည့် ကုမ္ပဏီအား တင်ဒါစည်းကမ်းအရ အရေးယူမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကမ်းထိန်းတည်ဆောက်ခဲ့ရာတွင် လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီမှ သတ်မှတ်ကာလအတွင်း မြစ်ရေတက်လာသောကြောင့် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးခြင်းမရှိဘဲ ၆၅ ရာခိုင်နှုန်းသာ ပြီးစီး၍ ကျောက်စီတမံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဌာနမှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်အဖြစ် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ ပျက်စီးမှုများကိုလည်း ရေကျချိန်တွင် ကုမ္ပဏီမှ ပြန်လည်တည်ဆောက် ပေးရမည် ဖြစ်ကြောင်း သိရသည်။

“အရေးယူဖို့ တိုင်းအစိုးရအဖွဲ့က စ ထုတ်ထားတယ်။ ပြီးအောင်လုပ်မထားခဲ့ဘူး။ အောက်ခြေထိန်းတွေ ကောင်းကောင်းမပြီးတဲ့အတွက် ဖြစ်တာ။ ကုမ္ပဏီက လုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးတယ် ပြောပေမယ့် စစ်ဆေးချက်အရ ၆၅ ဒသမ ၅ ရာခိုင်နှုန်းပဲ ပြီးစီးတယ်။ တင်ဒါစည်းကမ်းအရ အရေးယူဖို့ကို ဌာနက ဆောင်ရွက်သွားမယ်။ တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်အရလည်း လုပ်ငန်းရဲ့ငါးရာခိုင်နှုန်းဘဏ်မှာ သွင်းခိုင်းထားတဲ့ငွေကို တိုင်းအစိုးရအဖွဲ့က သိမ်းမယ်။ ပြီးတင်ဒါပြိုင်တဲ့ အခါမှာလည်း ကုမ္ပဏီကို ၁၅ မှတ်လျော့မယ်။ ပျက်စီးမှုကိုတော့ တာဝန်ယူပြီး ပြန်ဆောက်ပေးရမယ်” ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးက ဆိုသည်။

ယင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းမှာ အလျား ပေ ၆၃၀ တွင် သံခြင်းအခြေပြု ကျောက်စီရေထိန်းတမံ ပြုလုပ်ခြင်းဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၁၈၆၉ ခွင့်ပြုခဲ့ကြောင်း လက်ရှိတွင် လုပ်ငန်း၏ ၆၅ ဒသမ ၅ ရာခိုင်နှုန်းသာ ပြီးစီးခဲ့ကြောင်း သိရသည်။

ကျန်သည့် ၃၅ ဒသမ ၅ ရာခိုင်နှုန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၅ ခုမှ တင်ဒါ ပိုလျှံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ကမ်းပြိုကာကွယ်ရေး တည်ဆောက်ရေး လုပ်ငန်းများကို စဉ့်ကူးမြို့နယ်ရှိ ဆီသည်၊ ဟင်္သာဖို၊ ရွာသာယာ၊ ဆင်သေ၊ မတ္တရာမြို့နယ်တွင် ဇီးဖြူကုန်း၊ ရွာတန်း ရှည်၊ ပုဂံစု၊ ကုန်းတန်းကြီး၊ တံတားဦး အင်း၀ ဒေသတွင် အိုးတုတ္ထန်း၊ ဈေးချို၊ မြင်းခြံမြို့နယ်တွင် လေးအိမ်တန်းရွာ၊ ငါန်းဇွန်မြို့နယ်တွင် ငါန်းဇွန်နှင့် ရက္ခဒီပ၊ ညောင်ဦးမြို့နယ်တွင် လောကနန္ဒာဘုရား ကမ်းပြိုကာကွယ်ရေးနှင့် အမရပူရမြို့နယ်တွင် ဖရဲကျွန်းအရှေ့၊ ဖရဲ ကျွန်းအနောက်နှင့် သပိတ်တန်းစသည့်နေရာ များတွင် ရေလမ်းကြောင်းပေါ် မူတည်၍ တိုက်ရိုက်ကာကွယ် ကမ်းထိန်းနံရံ တည်ဆောက်ခြင်းများနှင့် ရေလွှဲ၊ ရေကာ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရေလမ်းကြောင်းအရ အရေးကြီးကာ အဆင့်ဆင့် ဆောင်ရွက်ရမည့် နေရာများကို ရေရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent