ဒေါ်လာဈေးမြှင့်တက်လာမှုကြောင့် နိုင်ငံခြားမှ ကုန်ကြမ်းတင်သွင်းရသော ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများတွင် အရှုံးပေါ်နေ

ဒေါ်လာဈေးမြှင့်တက်လာမှုကြောင့် နိုင်ငံခြားမှ ကုန်ကြမ်းတင်သွင်းရသော ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများတွင် အရှုံးပေါ်နေ
Published 23 September 2018

အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် နိုင်ငံခြားမှ ကုန်ကြမ်းတင်သွင်းရသော ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ၌ အရှုံးပေါ်နေကြောင်း စက်တင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်းက စုံ စမ်းသိရှိရသည်။

ယခု စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာဈေးမှာ ဆက်တိုက်မြှင့်တက်လာခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းတွင် ကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၅၀၀ ကျော်မှ စက်တင်ဘာ ၂၀ ရက်တွင် ကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၆၅၀ အထိ စံချိန်တင် မြှင့်တက်လာခဲ့သည်။

ယင်းသို့ ကန်ဒေါ်လာဈေးမြှင့်တက်မှုများကြောင့် နိုင်ငံခြားမှ ကုန်ကြမ်းတင်သွင်း ဝယ်ယူရသောချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများမှာ အရှုံးပေါ်ခြင်းနှင့် အရောင်းရပ်ထားရမှုများနှင့် ကြုံတွေ့နေရကြောင်း  သိရသည်။

“ဒေါ်လာဈေးတွေ တက်လာတာကြောင့် Local (ပြည်တွင်း) ဘက်မှာတော့ ထိခိုက်တယ်လေ။ ဘာလို့လဲဆိုတော့ ကုန်ကြမ်းတွေအားလုံးက နိုင်ငံခြားကနေ သွင်းရတာလေ။ပြည်တွင်းအထည်ရောင်းချတဲ့ လူတွေအတွက် ထိခိုက်တယ်။ နောက်တစ်ခုက ပြည်တွင်းအထည်လို့ ခေါင်းစဉ်တပ်ပေမဲ့ တချို့ Item တွေက နိုင်ငံခြားကို ပြန်ပို့တဲ့လူတွေအတွက်လည်း ထိခိုက်တယ်။ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းတွေက အရှုံးပေါ်နေ တယ်။ အခုချိန်မှာ ဈေးအရောင်းတောင် ရပ်ထားပြီ။ အခုရက်ပိုင်းမှာ ပိတ်ရောင်းတဲ့ ကုန်သည်တွေက ပိတ်အရောင်းရပ်ထားပြီ။ အရောင်းရပ်တာ ဒီနေ့နဲ့ဆို သုံးရက်လောက်ရှိပြီ” ဟု မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်မိုးက ပြောကြားသည်။

ယင်းကဲ့သို့ ဈေးအရောင်းရပ်ထားမှုအား လက်တလောတွင် ဈေးအရောင်းပြန်ဖွင့်မည် မဟုတ်သေးဘဲ အခြေအနေများ စောင့်ကြည့်ပြီးမှ အရောင်းပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများတွင် မည်သည့်အတိုင်းအတာ ပမာဏအထိ အရှုံးပေးနေသည်ကို ခန့်မှန်း၍မရနိုင်သော်လည်း ပြည်တွင်းဈေးကွက်၏ ရာခိုင်နှုန်း ၅၀ မှ ရာခိုင်နှုန်း ၈၀ အထိ ရှိလိမ့်မည်ဟု ဒေါ်ယဉ်ယဉ်မိုးက ဆက်လက်ပြောကြားသည်။

ယင်းသို့ လုပ်ငန်းအရှုံးပေါ်နေမှုကြောင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများတွင်  အလုပ်သမားသစ်ခေါ်ယူမှုများ ရပ်တန့်ထားရကြောင်း သိရသည်။ အချို့သောအထည်ချုပ်စက်ရုံများတွင် ရှိနှင့်ပြီးသား အလုပ်သမားအချို့ကို ခေတ္တအလုပ်ဆိုင်းငံ့ထားရသည် အထိရှိနေကြောင်း စုံစမ်းသိရှိရသည်။

Most Read

Most Recent