ရန်ကုန်တိုင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းများ လုပ်ငန်းလိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး ပြုလုပ်ခြင်းမရှိပါက စည်ပင်သာယာဥပဒေဖြင့် အရေးယူမည်

ရန်ကုန်တိုင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းများ လုပ်ငန်းလိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး ပြုလုပ်ခြင်းမရှိပါက စည်ပင်သာယာဥပဒေဖြင့် အရေးယူမည်
Published 23 September 2018

သာကေတမြို့နယ်အတွင်းရှိ ဖူဆယ်အားကစားကွင်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းများ လုပ်ငန်းလိုင်စင်ပြုလုပ်ရမည် ဖြစ်ပြီး ပြုလုပ်ခြင်းမရှိပါက စည်ပင်သာယာဥပဒေဖြင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်။ သူတို့တွေက အခုမှစဖွင့်တဲ့အတွက် လုပ်ငန်းစဉ် သိပ်မသိသေးဘူး။ အသိပညာပေးကာလအနေနဲ့ သူတို့တွေကို notice စာ ပေးပို့ထားတယ်။ notice စာပို့ထားတဲ့အခါမှာ မြေပိုင်ဆိုင်မှု စစ်ဆေးချက်မှန်ကန်မှုရှိမရှိ၊ ပြီးတော့ အား ကာဝန်ကြီးဌာနရဲ့ ဖူဆယ်စံချိန်စံညွှန်းကိုက်ညီမှု ရှိ မရှိ၊ အားကာဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို တင်ပြခိုင်းထားပါတယ်။ ပြီးတော့ ပန်းဥယျာဉ်ကို တင်ပြရမယ်။ ဦးတို့ဌာနက နေပြီးတော့ ကော်မတီများအစည်းအဝေးကို တင်ပြမယ်။ ခွင့်ပြုပြီဆိုရင်တော့ ပန်းဥယျာဉ်ကနေ စီမံရေးရာဌာနကို လုပ်ငန်းလိုင်စင် ရရှိဆောင်ရွက်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”  ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

ထို့ပြင် မြေပိုင်ဆိုင်မှုများလည်း မှန်ကန်ရန် လိုအပ်ကြောင်း၊ အချက်အလက် ပြည့်စုံစွာတင်ပြနိုင်မှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဖူဆယ်ကွင်းအရေအတွက်ကိုလည်း ကောက်ယူနေပြီး ပညာပေး ကာလအနေဖြင့် အောက်တိုဘာအထိ စောင့်ကြည့်ကာ ကော်မတီဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကိုကိုလင်းက ပြောကြားသည်။

“ဖူဆယ်က အခုကာလမှ စီးပွားဖြစ် တော်တော်များများ လုပ်လာကြတာဖြစ်တယ်။ လုပ်ငန်းလိုင်စင်မရှိဘဲနဲ့ မည်သည့်အလုပ်မဆို လုပ်လို့မရဘူး။ ပညာပေးကာလအတွင်းမှာ လျှောက်ထားရမယ်။ ပညာပေးကာလပြီးသွားရင် စီမံရေးရာဌာနရဲ့ အရေး ယူဆောင်ရွက်မှုတွေ ထွက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ စီမံရေးရာဌာနရဲ့ ဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်တယ်”  ဟု ဦးကိုကိုလင်းက ပြောကြားသည်။

၂၀၁၈ စက်တင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီများအစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပုဂ္ဂလိကဖူဆယ် ဘောလုံးကွင်းများ ထူထောင်ဖွင့်လှစ်ကာ အခကြေးငွေရယူပြီး ငှားရမ်းခြင်းလုပ်ငန်း နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဖူဆယ်အားကစားကွင်းတစ်ကွင်းအတွင်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ၊ လိုအပ်သော အခြေခံအဆောက်အအုံများ ပြည့်စုံမှုရှိမရှိ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ထောက်ခံချက်ရယူရန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ရန်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖော်ပြပါအချက်များပူးတွဲလျက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ၊ စီမံရေးရာဌာနသို့ လုပ်ငန်းလိုင်စင် လျှောက်ထားတင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်ရရှိမှသာ ဖူဆယ် ဘောလုံးကွင်း ဖွင့်လှစ်ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း ဖူဆယ်ဘောလုံးကွင်း ဖွင့်လှစ်တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းများအား ခွင့်ပြုချက်လိုင်စင် ရယူ ဆောင်ရွက်ကြရန်နှင့် ခွင့်ပြုချက်မဲ့လုပ်ငန်း လိုင်စင်မဲ့ လုပ်ငန်းဆောင်ရွက်ခြင်းများ တွေ့ ရှိပါက တည်ဆဲစည်ပင်သာယာဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent