နိုင်ငံတော်သမ္မတရုံးသို့ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍တိုင်ကြားရာတွင် လက်ကြီးသမားများကို တိုင်ကြားစေလိုပြီး တိုင်ကြားသူအမည်အား နိုင်ငံတော် သမ္မတအပါအဝင် သုံးဦးသာ သိရှိဟုဆို

နိုင်ငံတော်သမ္မတရုံးသို့ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍တိုင်ကြားရာတွင် လက်ကြီးသမားများကို တိုင်ကြားစေလိုပြီး တိုင်ကြားသူအမည်အား နိုင်ငံတော် သမ္မတအပါအဝင် သုံးဦးသာ သိရှိဟုဆို
Published 22 September 2018

နိုင်ငံတော်သမ္မတရုံးသို့ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ တိုင်ကြားရာတွင် လက်ကြီးသမားများကို တိုင်ကြားစေလိုပြီး တိုင်ကြားသူအမည်အား နိုင်ငံတော်သမ္မတ အပါအဝင် သုံးဦးသာ သိရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးသို့ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားရာတွင် သမ္မတရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးစီးဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြ၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ စုံစမ်းစစ်ဆေးရန်ပေးပို့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

၎င်းက “တကယ့်ကို ထုနဲ့ထည်နဲ့ ကြီးကြီးမားမားတွေဆိုရင်လည်း တိုင်ကြားဖို့ ကျွန်တော်ထပ်ပြီးတော့ ပြောချင်တယ်။ အဲဒီလို တိုင်မှလည်း ကျွန်တော်တို့ ထိထိရောက်ရောက် လုပ်နိုင်မယ်။ တိုင်ကြားသူကိုလည်း ကျွန်တော်တို့က လျှို့ဝှက်ထားတယ်။ ပြည်ထဲရေးက မသိဘူး။ ဘယ်သူတိုင်တယ်ဆိုတာ ဒီက ကိုင်တွယ်တဲ့သူ သုံးယောက်လောက်ပဲ သိတယ်။ သမ္မတကြီး အပါအဝင်။ ပြည်ထဲရေး မသိဘူး။ ကျွန်တော်တို့ မသိဘူး။ ဒီသတင်း ဘယ်ကလာလဲ မသိဘူး။ အဲဒီလောက်အထိ ကျွန်တော်တို့က သူ့ကို ကာကွယ်ပေးထားပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၂၁ ရက်က နိုင်ငံတော် သမ္မတ အိမ်တော်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကတိုင်စာလုပ်တဲ့ပုံစံတွေ ကျွန်တော် ပြောပြမယ်။ တိုင်စာရောက်တယ်။ ဒီမှာ သမ္မတရုံးမှာ ဒုညွှန်ချုပ်ဦးစီးပြီးတော့ လုပ်တယ်။ လူနည်းနည်းနဲ့လုပ်တယ်။ ရောက်လာတဲ့ဟာကို အဆင့်ဆင့် တင်ပြတယ်။ တင်ပြပြီးရင် ပြည်ထဲရေးကိုပေးတယ်။ သမ္မတကြီးဆီ ရောက်တယ်။ အဆင့်ဆင့်ဆိုတာ နှစ်ဆင့်ပဲ ရှိတယ်။ အဲဒီနှစ်ဆင့်နဲ့ပြီးတာနဲ့ ပြည်ထဲရေးကို ချပေးလိုက်တယ်။ ပြည်ထဲရေးက အဆင့်ဆင့် မသွားတော့ဘူး၊ တိုက်ရိုက်သွားတယ်။ တိုက်ရိုက်သွားပြီးတော့ အဲဒီမှာ မှန်လား၊ မမှန်လား စိစစ်တယ်။ ပြီးရင် မှန်တယ်ဆိုရင် အရေးယူမှုတွေလုပ်တယ်။ အဲဒီတော့ မြန်တယ်ပေါ့” ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် သမ္မတရုံးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အရေးယူမှုများထုတ်ပြန်ရာတွင် မူးယစ်ဆေးဝါးပမာဏ အနည်းငယ်ဖမ်းဆီးရမိခြင်းမျိုးသာရှိသည့်အပေါ် ပြည်သူများအနေဖြင့် နားလည်ပေးစေလိုကြောင်း ဦးဇော်ဌေးကဆိုသည်။

“လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်ကြီးသမားတွေပေါ့။ လက်ကြီးသမားတွေကိစ္စ။ နောက်တစ်ခုက ပိုင်ရှင်တွေမဲ့သွားတယ်ဆိုတဲ့ ကိစ္စပေါ့။ မူးယစ်ဆေးဝါးတွေ အများကြီးမိတယ်။ ပိုင်ရှင်မဲ့ဆိုတဲ့ဟာမျိုးတွေ ဖြစ်တယ်။ အဲဒီဟာမျိုးမဖြစ်ဖို့အတွက် အဲဒီလိုမျိုးဟာကို တိုက်ဖျက်ဖို့အတွက် အဓိကရည်ရွယ်တာ။ ရည်ရွယ်တော့ အခုပို့လာတဲ့ သတင်းအချက်အလက်တွေက ဘာလဲဆိုတော့ ခုနကလိုပဲ နည်းနည်းလေးတွေပေါ့။ ဒါပေမဲ့ အဲဒီ နည်း နည်းလေးပေမယ်လို့ ကျွန်တော်တို့က အဲဒါကို နည်းနည်းလေးဆိုပြီးတော့ သွားလုပ်လို့ မရဘူး။ အဓိက,က လူထုက တကယ်ကို ယုံယုံကြည်ကြည်နဲ့ တိုင်ကြားလာတာဖြစ်တယ်”  ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent