သတ်မှတ်ကာလ လေးနှစ်ကျော်သည်အထိ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကတစ်သန်းကျော် ပြန်လည်သိမ်းဆည်း

သတ်မှတ်ကာလ လေးနှစ်ကျော်သည်အထိ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကတစ်သန်းကျော် ပြန်လည်သိမ်းဆည်း
Published 22 September 2018

သတ်မှတ်ကာလ လေးနှစ်ကျော်သည်အထိ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက တစ်သန်းကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏  (၁၄)  ကြိမ်မြောက် အစည်းအဝေးကို   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးရုံး၌ စက်တင်ဘာ ၂၁ ရက်တွင်  ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင် ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ကို  ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်ရာ ဥပဒေပါ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နည်းဥပဒေများကိုလည်း လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့် ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သူက ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ (၂၀၁၈ ခုနှစ်)နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄)  ကြိမ်မြောက် အစည်းအဝေးတွင်  စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက် ပြီးချိန်အထိ မြေပြင်အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်ထားသောမြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်း ခြင်းကိုစိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၀/၂၀၁၈)၊ (၁၂/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းများအပေါ် ပြန်လည်တင်ပြလာသည့်လုပ်ငန်းစာတွဲနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်ပြန်ကြားလာသည့် လုပ်ငန်းစာတွဲနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent