မန္တလေးမြို့ရှိ လမ်းဆုံလမ်းခွ မီးပွိုင့်များနှင့် အထင်ကရ နေရာများတွင် တောင်းရမ်းစားသောက်နေသူများကို စီမံချက်ချ အရေးယူမှုများ စတင်

မန္တလေးမြို့ရှိ လမ်းဆုံလမ်းခွ မီးပွိုင့်များနှင့် အထင်ကရ နေရာများတွင် တောင်းရမ်းစားသောက်နေသူများကို စီမံချက်ချ အရေးယူမှုများ စတင်
Published 22 September 2018

မန္တလေးမြို့ရှိ လမ်းဆုံလမ်းခွမီးပွိုင့်များနှင့် အထင်ကရနေရာများတွင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေသည်အထိ တောင်းရမ်းစားသောက်နေသူများကို စီမံချက်ဖြင့် အရေးယူမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာမှ ရဲတပ်ဖွဲ့၊ မော်တော်ယာဉ်ဌာန သန့်ရှင်းရေးဌာန၊ လူမှုဝန်ထမ်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ စသည်အဖွဲ့ပေါင်းစုံတို့ ပူးပေါင်းပြီး စီမံချက်ရေးဆွဲ၍ စက်တင်ဘာ ၂၀ ရက်မှ စတင်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖမ်းမိတဲ့ကလေးတွေကိုတော့ လူမှုဝန်ထမ်းဌာနကို အပ်လိုက်ပါတယ်။ စီမံချက်ဖြစ်တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ တစ်ပတ်ကို သုံးရက်လောက် အမြဲစစ်ဆေးသွားမယ်။ မီးပွိုင့်တွေမှာ တောင်းရမ်းမှုတွေရှိနေရင် ယာဉ်ထိန်းရဲတွေက သက်ဆိုင်ရာကို အကြောင်းကြားရပါမယ်။ ဖမ်းဆီးရမိမှုတွေကို လူမှုဝန်ထမ်းဌာနကို လွှဲပြောင်းပေးပြီးဖြစ်လို့ အရေးယူမယ့် အပိုင်းကတော့ သူတို့ပဲဆက်လက် ဆောင်ရွက်ရမှာပါ” ဟု စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က လက်ရှိဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားသည်။

မန္တလေးမြို့ရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွ မီးပွိုင့်များ၊ စားသောက်ဆိုင်နေရာများ၊ အထင်ကရနေရာများတွင် တောင်းရမ်းစားသောက်သူ အများအပြား ရှိနေပြီး ၎င်းတို့သည် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင်အထိ တောင်းရမ်းခြင်း၊ နိုင်ငံခြားသား ဧည့်သည်များကို အတင့်ရဲစွာ တောင်းရမ်းခြင်း၊ တာဝန်ရှိသူများက ဖမ်းဆီးလျှင်လည်း ပြန်လည်ခုခံမှု အန္တရာယ် ပြုခြင်းတို့ကြောင့် ယခုကဲ့သို့ စီမံချက်ချ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဦးကျော်ဆန်းမြင့်က ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တွင် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် တောင်းရမ်းစားသောက်သူများကို သက်ဆိုင်ရာက အရေးယူမှုများ မကြာခဏ ပြုလုပ်ခဲ့သလို စည်ပင်သာယာက တရားစွဲတင်ပြီး ကလေးသူငယ်များအား နောက်ကွယ်မှ တောင်းရမ်းစေခိုင်းသူများကို ထောင်ဒဏ်ချမှတ်သည်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent