ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းမြင့်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းမြင့်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား
Published 22 September 2018

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒေါ်လာဈေး မြင့်တက်မှုကြောင့်  ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းမြင့်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

“ဒေါ်လာဈေးတက်တော့ ပစ္စည်းဈေး တက်တာပေါ့ ထုံးစံအတိုင်းပဲ။ အဓိကကတော့ တင်ဒါယူထားတဲ့သူတွေ ထိတာပေါ့။နောက်ပြီး ဆောက်လုပ်ရေးနဲ့ပက်သက်ပြီး တင်ဒါယူထားတဲ့သူတွေ ရိုက်ခတ်မှုရှိတာပေါ့”  ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ၌ အသုံးပြုနေသော လုပ်ငန်းသုံးပစ္စည်း ရာခိုင်နှုန်း ၇၀  သည် ပြည်ပနိုင်ငံများဖြစ်ကြသော တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့မှ အဓိကမှာယူနေရပြီး ပြည်တွင်း၌ ရာခိုင်နှုန်း ၃၀ သာ ထုတ်လုပ်ထားနိုင်ကြောင်း သိရသည်။

“အဲဒါတွေကတော့ ဒေါ်လာတွေ စတက်ကတည်းကပေါ့။ အရင်က  ၅ ရာခိုင်နှုန်းလောက်ပဲပေါ့။ အခုကတော့ ပိုများလာတာပေါ့။ ပစ္စည်းတွေက လက်ကျန်တွေရှိတဲ့ဟာတော့ ရှိတာပေါ့။သို့သော်လည်း အနည်းဆုံးတော့ ၁၀ ရာခိုင်နှုန်းအထက်မှာ တက်ကုန်ပြီလေ။ တင်ဒါယူထားတဲ့လူတွေက တော်တော် အခက်အခဲ ရှိကြတယ်။ ဘတ်ဂျက်နဲ့သွားတဲ့သူတွေကတော့ ဘာမှ လုပ်လို့မရဘူး။ သူတို့ တွေက စာချုပ်တွေလည်း ချုပ်ပြီးသားဆို တော့။ ဒါတော့ အရှုံးခံရမယ့် သဘောရှိပါတယ်” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းတချို့ လုပ်ငန်းရပ်နားထားပြီး တချို့မှာလည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာပြီးနောက်ပိုင်း ဆောက်လုပ်ရေးသုံးပစ္စည်းများ ၁၀ ရာခိုင်နှုန်းထက် ပိုမိုဈေးမြင့်တက်သွားကြောင်း သိရသည်။ ထို့အပြင် ဒေါ်လာဈေး မတည်ငြိမ်သောကြောင့် ဆောက်လုပ်ရေး သုံးပစ္စည်းအချို့အား အရောင်းရပ်ထားကြောင်းလည်း သိရသည်။

“အိမ်ဆောက်ပစ္စည်းတွေကတော့ ၁၀ ရာခိုင်နှုန်းအထိတော့ တက်သွားတာပဲ။ ဝယ်သူတွေ ပါးတယ်။ တော်တော်ကို ပါးသွားတာ။ တချို့ ဆောက်လုပ်ရေးတွေ ရပ်ထားတယ်လို့တောင် ကြားတယ်။ မနေ့က ဈေးတစ်မျိုး ဒီနေ့ ဈေးတစ်မျိုးဖြစ်သွားတာ။ အဲဒီလို ဈေးမငြိမ်တော့ ပြန်ရောင်းတဲ့အပေါ် နည်းနည်းတော့ တင်ရောင်းတာပေါ့။ တချို့ဆိုင်တွေဆို ဈေးမငြိမ်တော့ ပစ္စည်းတွေကို  အရောင်းတောင် ရပ်ထားတာ”  ဟု  ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင် ဖွင့်ထားသော ဒေါ်တင်အေးရီက ပြောကြားသည်။

နိုင်ငံခြားငွေလဲနှုန်း သုံးလအတွင်း ဆက်တိုက်မြင့်တက်နေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ သာမက နိုင်ငံခြားမှ တင်သွင်းနေရသည့် ဆေးဝါးများ၊ စက်သုံးဆီများ နှင့် အခြား အထွေထွေ ကုန်ပစ္စည်းအချို့လည်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

အမေရိကန်နှင့် တရုတ် ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲတင်းမာနေခြင်း၊ ဈေးကွက်အတွင်း မြန်မာငွေတန်ဖိုး ကျဆင်းနေခြင်း၊ ဒေါ်လာဝယ်လိုအား များနေခြင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေ ပြနေခြင်းများသည် ဒေါ်လာ ဈေးတက်စေသည့် အကြောင်းရင်းများအဖြစ် ရှိနေကြောင်း သိရသည်။

 

 

Most Read

Most Recent