ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရေလုပ်သားများအား သက်တမ်းနှစ်နှစ် ထပ်မံတိုးမြှင့်မည်

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရေလုပ်သားများအား သက်တမ်းနှစ်နှစ် ထပ်မံတိုးမြှင့်မည်
Published 22 September 2018

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရေလုပ်သားများအား သက်တမ်းနှစ်နှစ် ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာတွင် သက်တမ်း ကုန်ဆုံးမည့် မြန်မာရေလုပ်သားများကို ဆက်လက်နေထိုင်ခွင့် သက်တမ်းနှစ်နှစ်တိုး မြှင့်ပေးမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ခရိုင် ၂၂ ခုရှိ One Stop Service Center များတွင် စက်တင်ဘာ ၂၀ ရက်မှ စတင်ဖွင့်လှစ်ပေးလျက်ရှိပြီး အောက်တိုဘာ ၃၀ ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

နေထိုင်ခွင့်သက်တမ်း နှစ်နှစ် ထပ်မံတိုး မြှင့်ပေးရာတွင် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) CI နှင့် Sea Book ရှိပြီးသူများကို တစ်နှစ်လျှင် တစ်ကြိမ်ဗီဇာနှင့် Work Permit တို့ကို သက်တမ်းတစ်နှစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်တွင် ထိုင်းငါးဖမ်းလုပ်ငန်းများ၌ လုပ်ကိုင်ရန် မြန်မာရေလုပ်သားများအား တရားဝင်စေလွှတ်ပေးရေး မြန်မာနိုင်ငံဘက်ကို ကမ်းလှမ်းထားသည်။ ယင်းကမ်းလှမ်းမှုကို မြန်မာဘက်က လက်ခံခဲ့ပြီးမြန်မာလုပ်သားများအား စက်တင်ဘာလကုန်ပိုင်းတွင် စတင် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာရေလုပ်သားများကို ထိုင်းငါးဖမ်းလုပ်ငန်းများသို့ တရားဝင်စေလွှတ်ခွင့်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံဘက်တွင် ကော့သောင်းနှင့် ထိုင်းနိုင်ငံဘက်တွင် ရနောင်းတို့တွင် One Stop Service Center များ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိငါးဖမ်းလုပ်ငန်းများတွင် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သား ၃၅၀၀၀ ဝန်းကျင်ခန့်ရှိပြီး တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။

Most Read

Most Recent