မြို့ဝင်ကြေး ကောက်ခံရေး ဂိတ်များ ရုပ်သိမ်းပေးရေးအဆို လွှတ်တော်တွင်ရှုံးနိမ့်ခဲ့သော်လည်း မြို့ဝင်ကြေး ကောက်ခံရေး ဂိတ်များ ရုပ်သိမ်းပေးရန် စဉ်းစားထားဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မြို့ဝင်ကြေး ကောက်ခံရေး ဂိတ်များ ရုပ်သိမ်းပေးရေးအဆို လွှတ်တော်တွင်ရှုံးနိမ့်ခဲ့သော်လည်း မြို့ဝင်ကြေး ကောက်ခံရေး ဂိတ်များ ရုပ်သိမ်းပေးရန် စဉ်းစားထားဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 22 September 2018

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ယူကောက်ခံနေသည့် မြို့ဝင်ကြေး ကောက်ခံရေးဂိတ်များ ရုပ်သိမ်းပေရေးအဆို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သော်လည်း ယင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်များ ရုပ်သိမ်းပေးရန် စဉ်းစားထားဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တအေးဇံက စက်တင်ဘာ ၂၀ ရက်က ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစီအစဉ်များအပြီး သတင်းမီဒီယာသမားများအား ပြော ကြားသည်။

“Cabinet အစည်းအဝေးမှာ ဒီလွှတ်တော် အစည်းအဝေးမတိုင်ခင်ကတည်းက မြို့ဝင်ကြေးကောက်ခံရေး ဂိတ်တွေနဲ့ပတ်သက်ပြီးတော့ မူအားဖြင့်တော့ မြို့ဝင်ကြေးကောက်ခံရေးဂိတ်တွေကို ဖြုတ်ဖို့ လုပ်ထားပြီးပြီ။ အခုအဆိုကို ကန့်ကွက်တာမဟုတ်ဘူး။ မှတ်တမ်းတင်ထားဖို့ပဲ ပြောခဲ့တာပါ” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

“မြို့ဝင်ကြေးကနေ ရရှိတဲ့ အခွန်ဝင်ငွေထက် စည်ပင်သာယာရေးအဖွဲ့ရဲ့ အခြားသော လုပ်ငန်းတွေက အခွန်အခတွေကိုကြပ်မတ်ကောက်ခံရရှိခဲ့ရင် စည်ပင်သာယာရေး အဖွဲ့ရဲ့မြို့ဝင်ကြေးကောက်ခံရေးဂိတ်များကို ရုပ်သိမ်းပေးသွားမှာပါ” ဟု ဒေါက်တာ အေးဇံက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများအား ရုပ်သိမ်းပေးရန်အဆိုကို သထုံမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားလှယ် ဦးအောင်ကျော်သူက လွှတ်တော်တွင် တင်ပြခဲ့ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်မှ အဆိုကို မှတ်တမ်းတင်ထားရန်နှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က အဆိုကို ခြောက်လ ခန့် ရပ်ဆိုင်းထားရန် တင်ပြဆွေးနွေးခဲ့သဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့် သူ ၂၆ ဦးရှိသည့်အနက် ကန့်ကွက်မဲ ၁၆ မဲ၊ ထောက်ခံမဲ ၁၀ မဲဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent