နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အား အကြည်ညိုပျက်အောင် ပြောကြားသည်ဟုဆိုကာ ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကို ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အား အကြည်ညိုပျက်အောင် ပြောကြားသည်ဟုဆိုကာ ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကို ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို
Published 22 September 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အား  အကြည်ညိုပျက်စေအောင် ပြောကြားခဲ့သည် ဟုဆိုကာ ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအား ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဆုံးဖြတ်ချက်ဖြင့်  ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ် ၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း စက်တင်ဘာ ၂၁ ရက်တွင် သတင်းရရှိသည်။

ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးအေးပြောကြားခဲ့သည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ မှန်ကန်မှုရှိသဖြင့် ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးမှတ်တမ်းအရ ပလိုင်းကျေး ရွာ၌ စက်တင်ဘာ ၈ ရက်ကပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စုဝေးတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့အပေါ် ပြောဆိုခဲ့သူ ဦးစိုးအေးအား နိုင်ငံတော်အထိတ်တလန့်ဖြစ်စေမှုနှင့် လူမျိုးရေးခွဲခြားပြောဆိုဟောပြောမှုတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (မြို့နယ်ရဲတပ်ဖွဲ့မှူး) က တရားလိုပြု အရေးယူဆောင်ရွက်သွားရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက မြို့နယ်ရဲတပ်ဖွဲ့မှူးထံ  စက်တင်ဘာ ၁၄ ရက် နေ့စွဲဖြင့် ပေးပို့သည့် စာသည် Facebook တွင် ပျံ့နှံ့လျက်ရှိသည်။

“အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရဲ့ ပြောကြားချက်တွေက  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့ကို အကြည်ညိုပျက်စေတယ်လို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ တရားစွဲဆိုအရေးယူဖို့ ညွှန်ကြားထားပါတယ်။ ပြည်ခိုင်ဖြိုးခရိုင်ပါတီ ဥက္ကဋ္ဌတစ်ဦးတည်းကို ၅၀၅ (ခ) နဲ့ တရားစွဲသွားမှာပါ။ တနင်္လာနေ့ (စက်တင်ဘာ ၁၇ ရက်) က တရားရုံးကို ဦးတိုက်လျှောက်ထားပါတယ်” ဟု ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက်က ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာအုပ်စု ပလိုင်းကျေးရွာရှိ နေအိမ်ဝင်းတစ်ခုအတွင်း ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးအေး ဦးဆောင်သည့်အဖွဲ့သည် အမျိုး၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍ တောင်သူများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ၌ ခရိုင်ပါတီ ဥက္ကဋ္ဌက “မိမိအဖွဲ့မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့နှင့် မတူကြောင်း၊ ပါတီအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နေသည်မှာ ပြည်သူများအသိဖြစ်ကြောင်း၊ ရခိုင်တွင် ကျောင်းဆရာမတစ်ဦးအား ဘင်္ဂါလီများက မတရားကျင့်ကြံခဲ့ကြောင်း၊ အဆိုပါဘင်္ဂါလီများ နေထိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ နေအိမ်များ၊ ကွန်ကရစ်လမ်းများ၊ ရေမီးအစုံ ဆောက်လုပ်ပေးထားကြောင်း၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှလည်း နေအိမ်အလုံး ၈၀ ဆောက်လုပ်ပေးရကြောင်း၊ ရန်ကုန်မြို့တွင် နေထိုင်ရန် ဘင်္ဂါလီ ၄၀၀၀ ခန့်အား ဒေါ်အောင်ဆန်းစုကြည်မှ ခေါ်ယူကာ နေထိုင်ခွင့်ပေးထားကြောင်း၊ ဘင်္ဂါလီလူမျိုးအား ခေါ်သွင်းလာပါက ဘင်္ဂါလီတိုင်းပြည် ဖြစ်တော့မှာပဲ” အစရှိသဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီက မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးပို့သည့်စာအရ သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးအား မေးမြန်းခဲ့ရာ ယင်းသတင်းအား မသိရှိသေးကြောင်းနှင့် ပါတီဗဟိုပြောရေးဆိုခွင့် ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိပေ။

Most Read

Most Recent