မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းအတွင်း လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိပြီဖြစ်ပြီး လူပျိုဟု လိမ်လည်ပြောဆိုပေါင်းသင်း၍ မြဝတီမြို့တွင် စွန့်ထားခဲ့မှုကြောင့် နာကြည်းစိတ်ဖြင့် ဓားဖြင့် ထိုးသတ်ခဲ့ဟု ထွက်ဆို

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းအတွင်း လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိပြီဖြစ်ပြီး လူပျိုဟု လိမ်လည်ပြောဆိုပေါင်းသင်း၍ မြဝတီမြို့တွင် စွန့်ထားခဲ့မှုကြောင့် နာကြည်းစိတ်ဖြင့် ဓားဖြင့် ထိုးသတ်ခဲ့ဟု ထွက်ဆို
Published 21 September 2018

အမှုမှ ဖမ်းဆီးရမိသူအမျိုးသမီးအား စက်တင်ဘာ ၂၁ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ပုဇွန်တောင်ဈေးအနီး တည်းခိုခန်းတစ်ခုအတွင်း လူသတ်မှု ကျူးလွန်သည့် အမျိုးသမီးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း  အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၁ ရက်တွင် စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး တည်းခိုခန်းလေးလွှာရှိ အခန်းတစ်ခန်းကို ငွေကျပ် ၆၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ယင်းသို့ငှားရမ်းပြီးနောက် နံနက် ၁၀ နာရီခန့်တွင် အမျိုးသမီးက အခန်းအတွင်းမှ ထွက်လာပြီး တည်းခိုခန်းကောင်တာရှိ မန်နေဂျာထံတွင် အခန်းခ ၆၀၀၀ ကျပ်အား ပေးချေကာ ထွက်သွားခဲ့ ကြောင်း သိရသည်။

ထွက်သွားခဲ့ပြီးနောက် တည်းခိုခန်းမန်နေဂျာမှ အခန်းအား ရှင်းရန်အတွင်းသို့ကြည့်စဉ် အမျိုးသားမှာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး ရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားနေချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သည့် အသံများ၊ အော်ဟစ်သည့်အသံများ ကြားရခြင်းမရှိကြောင်းလည်း သိရသည်။

အလောင်းအား ရဲတာဝန်ရှိသူများ စစ်ဆေးရာ သေဆုံးသူမှာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ရင်ညွန့်တွင် ထိုးသွင်း ဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး ၎င်းနှင့်အတူ လာပြီး ပြန်လည်ထွက်သွားသည့် ကျူးလွန်သူအမျိုးသမီးကို CCTV မှတ်တမ်းများမှာတွေ့ရှိရကာ ၎င်းမှာ ဆံပင်ကို နှစ်ဖက်ကျစ်ထားပြီး အနီရောင်အင်္ကျီအကွက်ကို ဝတ်ဆင်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယင်း အမျိုးသမီးအား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ) ၄၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ သေဆုံးသူ၏ကိုယ်ရေးအချက် အလက်နှင့် ကျူးလွန်သူအား ဖမ်း ဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ရဲတာဝန်ရှိသူများ စုံစမ်းဆောင်ရွက်ရာ သေဆုံးသူမှာ ခရမ်းမြို့နယ်နေ ထွန်းလင်း အောင်(ခ)ဖိုးထောင်(၃၂)နှစ်ဆိုသူဖြစ် ကြောင်းသိရပြီး ကျူးလွန်သည့် အမျိုးသမီးမှာလဲ ဒေါပုံမြို့နယ်၊ မေ တ္တာလမ်းနေ လင်းလင်းခိုင်(၃၉)နှစ် ဆိုသူဖြစ်သည်ကို စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။

“သေဆုံးသူရဲ့နာမည်က ထွန်းလင်းအောင်ပါ၊ သူ့ရဲ့ နေရပ်လိပ်စာကတော့ ခရမ်းမြို့နယ်မှာ ပေါ့။ ပြီးတော့ သူက မြဝတီမှာ အီကြာကွေးရောင်းပြီး နေဖူးတယ်လို့တယ်လို့သိရတယ်။ သူ့မှာ အိမ်ထောင်ရှိပြီး ကလေးသုံးယောက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။ သူ့ အမျိုးသမီးက လက်ရှိမှာ ခရမ်းမှာ ဘဲနေတယ်လို့သိရပါတယ်”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “မလင်းလင်းခိုင်က အစက ထွန်းလင်းအောင်မှာ အိမ်ထောင်မရှိဘူး။ လူပျိုလူလွတ်လို့ ပြောတာကို ယုံတာပေါ့။ နောက်ပိုင်းကျမှ အိမ်ထောင်ရှိမှန်းသိတာလို့ စစ်ဆေးသိရှိရပါတယ်။ ကျူးလွန်ပြီးတော့ သူက ပထမတိမ်းရှောင်နေတာပေါ့။ သူ့ကို   ဒီနေ့မနက် စောစောပိုင်းမှာဘဲ ဒေါပုံမြို့နယ်၊ အောင်မေတ္တာလမ်းမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တစ်ဆိုင်က ဖမ်းဆီးရမိပါတယ်။ သူက ဒီနေ့မှာ သူ့ အမေအိမ်ကိုလာတာလို့ သိရတယ်။ မြို့နယ်ရဲစခန်းက ဒီနေ့ မွန်းလွဲပိုင်းမှာဘဲ သူ့ကို တရားရုံးမှာ ချုပ်ရမန် ရယူပြီး ဆက်လက်စစ်ဆေးနေပါ တယ်” ဟု ပြောကြားသည်။

၎င်းအား စစ်ဆေးရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် Facebook အသုံးပြုရာမှ ထွန်း လင်းအောင်နှင့်တွေ့ဆုံခဲ့ပြီး Messenger မှတဆင့် စကားပြောဆိုရာ မှ ထွန်းလင်းအောင်က အစ်မဖြစ်သူ ၏သားသုံးဦးကို ကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး လူပျိုလူလွတ် ဖြစ်သည်ဟုပြောဆိုသည်ကို ယုံကြည်ခဲ့ပြီး ၎င်းနှင့် သမီးရည်းစား ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အပြင်တွင် တွေ့ဆုံ၍ အတူနေထိုင်ခဲ့ကြပြီး ၂၀၁၈ခုနှစ် သြဂုတ် ၁၇ ရက်တွင် ထွန်းလင်းအောင်က မြဝတီသို့အလုပ်လုပ်ရန်ခေါ်ဆောင်သဖြင့်လိုက်ပါသွားခဲ့ကာ ထွန်းလင်းအောင်က မြဝတီမြို့ရှိ နေအိမ်တစ်အိမ်တွင် အမည်မသိ အမျိုးသမီးတစ်ဦးနှင့် စကားပြောဆို၍ ကွမ်းဝယ်မည်ဟုဆိုကာ မလင်းလင်းခိုင်အား ထား၍ ထွက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်သွားခဲ့ပြီး နောက် ထွန်းလင်းအောင်မှာ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ အမည်မသိအမျိုးသမီးက ထိုင်းနိုင်ငံသို့ပို့မည်ပြောစဉ် ကြောက်လန့်ကာ ထွက်ပြေးလာခဲ့ပြီး ရန်ကုန်သို့ ပြန် လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာပြီးနောက် ထွန်းလင်းအောင်ကို နာကျည်းစိတ်ဖြစ်၍ စက်တင်ဘာ ၁၆ ရက်နေ့တွင် ထီပေါက်သည်ဟုဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီး ချိန်းဆို၍ ပုဇွန်တောင်ဈေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းနောက် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်ရှိ တည်းခိုခန်းသို့သွား၍  အတူနေထိုင်ခဲ့ပြီး ထွန်းလင်းအောင်အတွက် ရွှေဆွဲကြိုးအတုတစ်ကုံးအား ဆွဲပေးခဲ့ပြီးနောက် ထွန်းလင်းအောင်က လဲှအိပ်နေစဉ် မလင်းလင်းခိုင်က အသင့်ပါလာသည့်ဓားဖြင့်နှစ်ချက်ထိုး၍ တည်းခိုခန်းမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်အရ သိရသည်။

Most Read

Most Recent