ကျောက်ကြီးမြို့တွင် ကျင်းပသည့် ၁၃၀ ကြိမ်မြောက် ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်ကြီးမြို့တွင် ကျင်းပသည့် ၁၃၀ ကြိမ်မြောက် ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Published 21 September 2018

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့တွင် အကြိမ် ၁၃၀ မြောက် ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပလျှက်ရှိရာ ၁၃၈၀ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းက ပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ် သံဃာ့ နာယက ဆရာတော်ကြီးများ၊ ကျောက်ကြီးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ လှေလှော်ပြိုင်ပွဲဝင်အသင်းများ၊ တိုင်းရင်းသားရိုးရာဝတ်စုံအဖွဲ့များl မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဘင်ခရာတီးဝိုင်းများဖြင့် ကြိုဆိုဧည့်ခံခြင်း၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပခြင်း တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် သြဝါဒ စရိယာ ဆရာတော်များနှင့် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များက ဆိုင်းပုဒ်မုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်း့ပေးခဲ့ကြပြီးနောက်၊ ကျောက်ကြီးမြို့လယ်ချောင်းအတွင်း တက်ခုတ်ယိမ်း အက၊ ရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။ ထို့အပြင်ကုန်းပေါ်တွင် ချောတိုင်တက်ပွဲများလည်း ကျင်းပကြပြီး၊ ညပိုင်းတွင် ရှင်ဥပဂုတ္တရန္တာမြတ်အား တော်သလင်း လဆန်း ၁၂ ရက်နေ့ ညမှ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့(စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့)အထိ ညစဉ် ညတိုင်း မီးကြာခွက်များ မီးမျှောပူဇော်ကြမည်ဖြစ်ကြောင်း၊ ကျောက်ကြီးမြို့မီးမျှောပူဇော်ပွဲနှင့် လှေလှော်ပြိုင်ပွဲမှာ၊ လယ်ယာလုပ်ငန်းခွင်အားလပ်ချိန်တွင် ကျင်းပခြင်းဖြစ်ပြီးဒေသတွင်းနေ တိုင်းရင်းသားများစုပေါင်းပါဝင်ကျင်းပသောပွဲတော်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ထံမှသိရသည်။

ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းက “ကျောက်ကြီးမြို့နယ်မှာ နှစ်စဉ်ကျင်းပတဲ့ ရှင်ဥပဂုတ္တ ရဟန်းသာမြတ် မီးမျှောပူဇော်ပွဲနဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပလာတာဟာဆိုရင်ဖြင့် နှစ်ပေါင်း ၁၃၀၊ အကြိမ်အားဖြင့် ၁၃၀ ရှိခဲ့ပါပြီ၊ကျွန်တော်တို့ကျင်းပတဲ့ ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနဲ့မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဟာ နှစ်ခုခွဲပြီးတော့ ကျင်းပတာဖြစ်ပါတယ်၊လှေလှော်ပွဲ တစ်မျိုးနဲ့ပြိုင်ပွဲတစ်မျိုး ကျင်းပတာဖြစ်ပါတယ်၊ဒီပွဲတော်ကြီးဟာ ကျောက်ကြီးမြို့နယ်မှာနေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ကရင်တိုင်းရင်းသားတွေ၊စုပေါင်းပြီးတော့ ပါဝင်ကြတာဖြစ်ပါတယ်၊နှစ်စဉ်နှစ်တိုင်းမှာတော့ ဒီပွဲတော်ကြီးကို ကျင်းပတာဟာ တောင်သူလယ်သမားတွေ အားလပ်ချိန်ဖြစ်တဲ့ ဒီတော်သလင်းလမှာ ကျင်းပတာဖြစ်ပါတယ်၊ ပထမတော့ ပူဇော်ပွဲတစ်မျိုးနဲ့ပျော်ပွဲရွှင်ပွဲကျင်းပတာဖြစ်ပါတယ်၊လှေလှော်ပြိုင်ပွဲကို ပျော်ပွဲရွှင်ပွဲအနေနဲ့ထည့်သွင်းကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကျောက်ကြီးမြို့တွင်ကျင်းပသည့် အကြိမ် ၁၃၀ မြောက်ရှင်ဥပဂုတ္တရန္တာမြတ်မီးမျှောပူဇော်ပွဲနှင့်မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား တော်သလင်းလဆန်း ၇ ရက်မှ လပြည့်ကျော် ၁ ရက်(စက်တင်ဘာ ၁၆ ရက်နေ့မှ စက်တင်ဘာ ၂၅ ရက်)နေ့အထိ၊၁၀ ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်ပြီး အဆိုပါပွဲတော်မှာ ကျောက်ကြီးတစ်မြို့ နယ်လုံး၏အစဉ်လာကြီးမားသော မွန်မြတ်သည့် ဘာသာရေးပွဲတော်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ပွဲတော်ရက်ကာလများတွင် ၁၂ ပွဲဈေး ဆိုင်ခန်းများခင်းကျင်းရောင်းချခြင်း၊ကျောက်ကြီးချောင်းအတွင်းမီးမျှောပူဇော်ခြင်းနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ လှေလှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လှေလှော်အသင်း ၁၀၂ သင်း ပါယှဉ်ပြိုင်လျှက်ရှိပြီး၊ တော်သလင်း လပြည့်ကျော် ၁ ရက်နေ့(စက်တင်ဘာ ၂၅ရက်)နေ့တွင် ဗိုလ်လုပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent