ဂန့်ဂေါမြို့တွင် ဖြစ်ပွားခဲ့သော ကာမလိမ်လည်မှုဖြင့် စွဲဆိုထားသော အမှုတွင် တရားလို ကျန်းမာရေး ဆရာမသည် မူးယစ်မှုဖြင့် အချုပ်ကျနေပြီး တရားစွဲခံရသည့် ဝရိန်မိုးကလည်း ခွင့်တင်ထားသည့်အတွက် ရုံးချိန်းပြန်လည် ချိန်းဆို

ဂန့်ဂေါမြို့တွင် ဖြစ်ပွားခဲ့သော ကာမလိမ်လည်မှုဖြင့် စွဲဆိုထားသော အမှုတွင် တရားလို ကျန်းမာရေး ဆရာမသည် မူးယစ်မှုဖြင့် အချုပ်ကျနေပြီး တရားစွဲခံရသည့် ဝရိန်မိုးကလည်း ခွင့်တင်ထားသည့်အတွက် ရုံးချိန်းပြန်လည် ချိန်းဆို
Published 21 September 2018

ဂန့်ဂေါမြို့တွင် ဖြစ်ပွားခဲ့သော ကာမလိမ်လည်မှုဖြင့် စွဲဆိုထားသော အမှုတွင် တရားလို ကျန်းမာရေး ဆရာမသည် မူးယစ်မှုဖြင့် အချုပ်ကျနေပြီး တရားစွဲခံရသည့် ဝရိန်မိုးကလည်း ခွင့်တင်ထားသည့်အတွက် ရုံးချိန်းကို အောက်တိုဘာ ၅ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်ဟု သိရသည်။

“ဒီကနေ့ ဆရာမရဲ့ ရုံးချိန်းအတွက် ၁၁ ရက်နေ့တုန်းက အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရုံးကို အချုပ်ထဲကနေ လာရောက် သက်သေခံပေးနိုင်ဖို့ တရားရုံးကို ဆင့်စာထုတ်ပေးဖို့ လျှောက်ထားတယ်။ အဲဒီအရင်ရုံးချိန်းက စာရွက်စာတမ်း တင်တာနဲ့ ပတ်သက်ပြီးတော့ တရားခံဘက်က ကန့်ကွက်ထားတဲ့အတွက် ဒီနေ့ လျှောက်လဲချက် တစ်စောင်တင်တယ်။ ပြီးလို့ရှိရင် တရားခံဘက်ကလည်း ခွင့်စာတိုင်တယ်။ ကျွန်တော်က ဆရာမလေးအတွက် ရုံးရှေ့ကို လာဖို့အတွက် တရားရုံးကို လျှောက်တာရယ်၊ တရားရုံးကို လျှောက်လဲချက် ပေးတာရယ် ဒီနှစ်ခု ဒီကနေ့ လုပ်ဖြစ်တယ်။ ကနေ့ ချိန်းထားတဲ့အမှုက ဆရာမလေး တိုင်ထားတဲ့ ၄၁၇ (ကာမလိမ်လည်မှု) မှာ တရားလို (ကျန်းမာရေးဆရာမ) ကိုစစ်ဖို့ပါ။ ပုဒ်မ ၄၁၇ နဲ့ ပတ်သက်ပြီး နောက်လ (အောက်တိုဘာ) ၅ ရက်ကို တရားလိုကို စစ်ဖို့ ပြန်ချိန်းထားပါတယ်။ ရုံးကိုလည်း တရားလိုကို တရားရုံးကို လာခဲ့ဖို့အတွက် ဆင့်စာ ထုတ်ပေးဖို့အတွက်လည်း လျှောက်ထားပြီးပါပြီ။ သူက အချုပ်ထဲကနေပြီး အမှုဆက်လက် ရင်ဆိုင်ရမှာပါ”ဟု တရားလို ဒေါ်သန်းသန်းမြင့်၏ ရှေ့နေ ဦးထွန်းထွန်းဦး (ခ) ဦးချစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာတွင် ငါးနှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်သန်းသန်းမြင့်သည် ကာမ လိမ်လည်မှုနှင့် နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဝရိန်မိုးအား တရားစွဲဆိုထားသော အမှုကို အမှုရင်ဆိုင်ပြီး စက်တင်ဘာ ၁၁ ရက်က ပြန်လာစဉ် ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူးတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟု ဆိုကာ ၎င်းစီးနင်းလာသော ဆိုင်ကယ်အား ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခံရခြင်းမှာ လုပ်ကြံခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။

“ဒါကြီးက အရမ်းသိသာနေတယ်။ ဒီမိန်းကလေးက အစ်မတို့ဆီက (ဂန့်ဂေါမြို့နယ်) မွှေ့လယ်ရွာမှာ ငါးနှစ်လောက် တာဝန်ကျပြီးမှ ပြောင်းသွားတာအခု သုံးလလောက်ပဲ ရှိသေးတယ်။ အဲဒီရွာမှာလည်း စာရိတ္တနဲ့ မူးယစ်ဆေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ အပြစ်ပြောစရာ မရှိခဲ့ဘူးလို့ မွှေ့လယ်က လူတွေက ပြောတယ်။ ဒါကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဌာနက လူတွေကို စုံစမ်းကြည့်တဲ့အခါ မှာလည်း အဲဒီလိုလုပ်တဲ့ ၊ လုပ်မယ့် မိန်းကလေး မဟုတ်ဘူး။ လုပ်ခဲ့တဲ့ ရာဇဝင်လည်း မရှိဘူးလို့ပြောတယ်။ လုံး၀ စိတ်ချရနိုင်တယ်။ လုပ်ခဲ့ရိုး ထုံးစံမရှိတာ သေချာတယ်။ သူ့ဘာသာသူ ရိုးရိုးအေးအေး ဝန်ထမ်းကောင်း တစ်ယောက်ပဲပေါ့။ မွှေ့လယ် ရွာသူ ရွာသားတွေနဲ့လည်း ခင်ခင်မင်မင် ရှိခဲ့တယ်။ မိဘတွေကလည်း ဝန်ထမ်းဟောင်းတွေပေါ့။ နောက်ပြီးတော့ ဒီလူနဲ့ ဒီလို အမှုဖြစ်ပြီးတော့ ဒီကိစ္စ အပြန်အလှန် ဖြစ်တယ်ဆိုတော့ ရှင်းရှင်းပြောရရင် သိသာလွန်းတယ်လို့ ပြောရမယ်။ အဲဒါတစ်ခုပါပဲ။ မထူးခြားသေးတာက ဝန်ကြီးချုပ်က လုံနယ်ကို ပြောပြထားပြီးတော့ လုံနယ်ကလည်း တိုင်းကနေ အဖွဲ့ဖွဲ့ပြီးတော့ ဆင်းခိုင်းစစ်ခိုင်းတယ် ဆိုတော့ မှန်မှန်ကန်ကန်တော့ လုပ်မယ်လို့ မျှော်လင့်ရတာပေါ့။ အစ်မကတော့ အပြစ်မရှိတဲ့သူ လုံး၀ မခံရစေချင်ဘူး။ အမှုဆင်တယ် ဆိုတာကလည်း အခုခေတ်ကြီးမှာ လုံး၀ မဖြစ်သင့်တော့ဘူး။ အမှုဆင်ပြီး ဖမ်းတယ်ဆိုတာ ဒီခေတ်ကြီးမှာ လုံး၀ မဖြစ်သင့်တော့ဘူး။ အခုဆိုလို့ရှိရင် ရယ်စရာပြောတာလည်း မဟုတ်ဘူး။ အစ်မတို့ဆီမှာ လူတိုင်းက ကျီးလန့်စာ စားဖြစ်နေတယ်။ ကိုယ့်ဆိုင်ကယ် ရပ်ခဲ့ရင် ကိုယ့်အသိအိမ်နား သွားရပ်ရမလိုလို။ ဈေးသွားရင်တောင်မှ ဈေးမှာ မရပ်ရဲနဲ့။ ရုံးတွေ သွားမယ်ဆိုရင်လည်း ကိုယ့်ဆိုင်ကယ် ရပ်ထားတာ စိတ်ချရပါ့မလား။ အဲဒီလိုဖြစ်နေတော့ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်လိုက်တဲ့ ကိစ္စတစ်ခုလို ဖြစ်နေတယ်”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။

 

Most Read

Most Recent