မြန်မာနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်မည့် အမေရိကန်အခြေစိုက် Starbucks Coffee က ရင်းနှီးမြှုပ်နှံမှု ခေတ္တရပ်ဆိုင်းမည်ဟု MIC သို့ အကြောင်းကြား

မြန်မာနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်မည့် အမေရိကန်အခြေစိုက် Starbucks Coffee က ရင်းနှီးမြှုပ်နှံမှု ခေတ္တရပ်ဆိုင်းမည်ဟု MIC သို့ အကြောင်းကြား
Published 21 September 2018

မြန်မာနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်မည့် အမေရိကန်အခြေစိုက် Starbucks Coffee က ရင်းနှီးမြှုပ်နှံမှု ခေတ္တရပ်ဆိုင်းမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ အကြောင်းကြားထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အမေရိကန်အခြေစိုက် Starbucks Coffee က မြန်မာနိုင်ငံတွင် ဒေါ်လာခြောက်သန်း မ တည်ရင်းနှီးပြီး ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ Starbucks Coffee သည် မြန်မာဈေးကွက်သို့ စတင်ဝင်ရောက် လုပ်ကိုင်ခွင့်ကို မေ ၁၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှ အတည်ပြုမိန့် ရရှိခဲ့ခြင်း ဖြစ်သည်။

Coffee Concepts (Myanmar) Limited က Starbucks အမည်ဖြင့် အစားအစာနှင့် အဖျော်ယမကာ သီးသန့် အရောင်းဆိုင်များ လုပ်ကိုင် ဆောင်ရွက်ခြင်း၊ Starbucks တံဆိပ်ပါ ကုန်ပစ္စည်းများကို တင်သွင်းခြင်းနှင့် ရောင်းချခြင်း ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ Starbucks ရုံးကို အမှတ် ၂၂၁၊ Sule Square ၊ အမှတ် ၁ ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသည်။

အမေရိကန်အခြေစိုက် Starbucks Coffee သည် မြန်မာနိုင်ငံအတွင်းသို့ စင်ကာပူနိုင်ငံ အမည်ခံဖြင့် ဝင်ရောက် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

Coffee Concepts Limited သည် ဟောင်ကောင် အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး Starbucks ၏ မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်ကာ Coffee Concepts (Myanmar) Limited ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် စတင် တည်ထောင်ခဲ့ကြောင်း သိရသည်။

Starbucks သည် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၇၀၀၀ ဝန်းကျင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆိုင်ဖွင့်လှစ်ပြီးပါက အာဆီယံနိုင်ငံများတွင် Starbucks မရှိသည့်နိုင်ငံအဖြစ် လာအိုနိုင်ငံသာ ကျန်တော့မည် ဖြစ်သည်။ ၂၀၁၇ ခုနှစ် စာရင်းများအရ ၎င်းသည် အာဆီယံနိုင်ငံများ ဖြစ်သော ဖိလစ်ပိုင်တွင် ဆိုင် ၃၀၀၊ ထိုင်းတွင် ၂၆၄ ဆိုင်၊ အင်ဒိုနီးရှားတွင် ၂၄၉ ဆိုင်၊ မလေးရှားတွင် ဆိုင် ၂၂၀၊ စင်ကာပူတွင် ၁၂၅ ဆိုင်၊ ဗီယက်နမ်တွင် ၂၈ ဆိုင်၊ ကမ္ဘောဒီးယားတွင် ခုနစ်ဆိုင်၊ ဘရူနိုင်းတွင် လေးဆိုင် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။