နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေသောကြောင့် ဆေးဝါး ဈေးကွက်အတွင်း ဆေးကုမ္ပဏီအချို့ အရောင်းရပ်ထားပြီး ဆေးဝါးဈေးနှုန်းများ မြင့်တက်လျက်ရှိ

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေသောကြောင့် ဆေးဝါး ဈေးကွက်အတွင်း ဆေးကုမ္ပဏီအချို့ အရောင်းရပ်ထားပြီး ဆေးဝါးဈေးနှုန်းများ မြင့်တက်လျက်ရှိ
Published 21 September 2018

မြန်မာနိုင်ငံ၏ အကြီးဆုံး ဆေးဝါးဈေးကွက်ဖြစ်သည့် ရွှေပြည့်စုံဈေးကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေသောကြောင့် ဆေးဝါးဈေးကွက်အတွင်း ဆေးကုမ္ပဏီအချို့မှ အရောင်းရပ်ထားခြင်းများ ရှိနေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး ဆေးဝါးဈေးကွက်ဖြစ်သည့် ရွှေပြည့်စုံဈေးမှ ဆေးဝါးရောင်းချသူက ပြောကြားသည်။

ဆေးဝါးဈေးကွက်အတွင်း ဆေးကုမ္ပဏီအချို့မှ အရောင်းရပ်ထားလျက် ရှိနေသည့်အပြင် ရောင်းချလျက် ရှိသည့် ဆေးဝါးအချို့မှာလည်း ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။

“အခက်အခဲကတော့ အများကြီးပဲ။ ဒေါ်လာဈေးတွေက ဆက်တိုက်ဆိုသလို မငြိမ်နေတော့ ကုမ္ပဏီတွေက သိပ်မရောင်းရဲကျဘူး။ တချို့ဆိုရင် အရောင်းရပ်ထားတာ တစ်ပတ်လောက် ရှိပြီ။ တချို့လည်း ဒီနေ့ကျမှ အရောင်းစရပ်ကြတာ။ ရောင်းချနေတဲ့ တချို့ကုမ္ပဏီတွေကြတော့ ဈေးနည်းနည်း တက်တယ်။ နောက်နှစ်ရက်လောက် နေရင်တော့ ဈေးတက်မယ့်နှုန်းကို တိတိကျကျ သိရလိမ့်မယ်” ဟု ရွှေပြည့်စုံဈေးတွင် ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ယခင်လကလည်း ဆေးဝါးဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဆေးဈေးနှုန်း (၃) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ယခု ဒေါ်လာဈေး ထက်မံမြင့်တက်လာသောကြောင့် ယခင် ခုနစ် ရာခိုင်နှုန်းထက် ပိုမို ဈေးမြင့်တက်လျက် ရှိကြောင်း ဆေးဝါးရောင်းချသူတချို့က ပြောကြားသည်။

ကုမ္ပဏီတချို့မှ အရောင်းရပ်ထားခြင်း၊ ဆေးဝါးဈေးနှုန်း မြင့်တက်ခြင်း စသည့် အကြပ်အတည်းများ ရှိနေသည့်အပြင် ဝယ်လိုအားလည်း နည်းလာကြောင်း သိရသည်။

“ဝယ်လိုအား ကျတော့လည်း မရှိဘူး။ အဝယ်ပါးတာ ကြာပြီ။ ဈေးနှုန်းကကျတော့ ကုမ္ပဏီတွေ တက်တဲ့အပေါ် နည်းနည်းတက်ပြီး ရောင်းရတာပေါ့။ တချို့ ဝယ်လိုအား များတဲ့ဟာဆို နည်းနည်းပိုတက်ပြီး ရောင်းရတာပေါ့။ ဒေါ်လာဈေးတွေက မငြိမ်သက်တော့ ဆေးတွေ အများကြီး မဝယ်ထားရဲဘူး။ အများကြီး ဝယ်ပြီးမှ ဒေါ်လာဈေး ပြန်ကျသွားရင် ရှုံးမယ်လေ။ ကုမ္ပဏီတွေဘက်ကလည်း သိပ်မရောင်းကြပါဘူး။ အဓိကကတော့ ဒေါ်လာဈေး ငြိမ်ဖို့ပဲ။ ဒေါ်လာဈေးငြိမ်မှ ဆေးဈေးနှုန်းတွေကို တိတိကျကျ သတ်မှတ်လို့ရမှာ။ ဒေါ်လာဈေး တက်ရင် တက်သလောက် ဈေးနှုန်း သတ်မှတ်လို့ရမှာ။ အခုဟာက ဘယ်လိုဖြစ်နေလည်း ဆိုတော့ ငွေဈေးနှုန်း မငြိမ်တော့ ပစ္စည်းတွေကို သိပ်မဝယ်ရဲဘူး။ ရှိတာနဲ့ အဆင်ပြေသလို ရောင်းနေရတယ်” ဟု ရွှွှေပြည့်စုံဈေးတွင် ဆေးရောင်းချနေသော ကိုဖိုးလှ ဆေးဆိုင်မှ မမိုးမိုးက ပြောကြားသည်။

ယခုဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်းသည် နိုင်ငံခြားလိုင်းမှ တင်သွင်းသည့် ဆေးဝါးများဖြစ်ပြီး တရုတ်ဘက်မှ တင်သွင်းသည့် ဆေးဝါးများမှာလည်း အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

“ဈေးတွေကလည်း အရင်ဈေးထက် အများကြီး တက်တယ်။ တချို့ဟာတွေကျတော့ ရောင်းမကောင်းတော့ အရင်က ဝယ်တဲ့ဈေးနဲ့ပဲ ရောင်းနေရတယ်။ ကုန်သွားရင်တော့ နောင်ခါလာ နောင်ဈေးပေါ့။ တရုတ်ဘက်က လာတဲ့ ဆေးတွေကျတော့ တက်ရင်လည်း နည်းနည်းပဲ တက်တယ်။ တခြားနိုင်ငံခြားက လာတဲ့ ဆေးတွေကျတော့ ပိုတက်ကြတာပေါ့။ အရင် ၃၆၀၀ နဲ့ ဝယ်တဲ့ဟာတွေဆို အခု ၄၅၀၀ လောက်အထိ တက်သွားတယ်။ မတက်တဲ့ဟာလည်း မတက်ဘူးပေါ့။ အရောင်းပါးတဲ့ ဟာတွေဆိုလည်း မတက်ဘူးပေါ့။ အရောင်းသွက်တဲ့ ဟာတွေဆိုလည်း တက်တာပေါ့။ အရောင်းသွက်ဖို့ဆိုတာ အရင်လို ပုံစံဖြစ်ဖို့လိုမှ မလိုတော့တာ” ဟု ရွှွှေပြည့်စုံဈေးတွင် ဆေးရောင်းချနေသော ကိုဖိုးလှဆေးဆိုင်မှ မမိုးမိုးက ပြောကြားသည်။

နိုင်ငံခြားငွေလဲနှုန်း စံချိန်တင် မြင့်တက်လာသောကြောင့် ဆေးဝါးဈေးကွက်အတွင်း ဈေးမြင့်တက်စွာ ရောင်းချခြင်း မပြုရန်နှင့် ဈေးကွက်တွင် ပြတ်လပ်မှုများ မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ ယာယီ အရောင်းရပ်ထားခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်တွင်းဆေးဝါး လိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်းကို ပြည်တွင်း၌သာ ထုတ်လုပ်ထားနိုင်ပြီး ကျန်ဆေးဝါး လိုအပ်ချက် ၈၂ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် တရားမဝင် ဆေးဝါးအများစုမှာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများ၌ အခြေစိုက် ထုတ်လုပ်သည့် ဆေးကုမ္ပဏီများမှ ဆေးဝါးများ ဖြစ်သည်။

အမေရိကန်နှင့် တရုတ် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ တင်းမာနေခြင်း၊ ဈေးကွက်အတွင်း မြန်မာငွေတန်ဖိုး ကျဆင်းနေခြင်း၊ ဒေါ်လာဝယ်လိုအား များနေခြင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေ ပြနေခြင်းများသည် ဒေါ်လာဈေး တက်စေသည့် အကြောင်းရင်းများအဖြစ် ရှိနေကြောင်း သိရသည်။

Most Read

Most Recent