ရန်ကုန်တိုင်းအတွင်းရှိ အကျဉ်းထောင် လုံခြုံရေးအပိုင်းကို သေချာစွာ ဆောင်ရွက်ထားပြီး ထောင်အတွင်း အကျဉ်းသားများ နေရာထိုင်ခင်း ကျပ်တည်းမှုကို အဆင်ပြေအောင် ဆောင်ရွက်နေကြောင်း တိုင်းအကျဉ်းဦးစီးညွှန်မှူး ပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ အကျဉ်းထောင် လုံခြုံရေးအပိုင်းကို သေချာစွာ ဆောင်ရွက်ထားပြီး ထောင်အတွင်း အကျဉ်းသားများ နေရာထိုင်ခင်း ကျပ်တည်းမှုကို အဆင်ပြေအောင် ဆောင်ရွက်နေကြောင်း တိုင်းအကျဉ်းဦးစီးညွှန်မှူး ပြောကြား
Published 21 September 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် လုံခြုံရေးအပိုင်းကို သေချာစွာ ဆောင်ရွက်ထားကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါးပြတိုက်တွင် ပြုလုပ်သည့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးသွင်က မီဒီယာများအား ပြောကြားသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း အကျဉ်းသားဦးရေ များနေပြီး နေရာထိုင်ခင်း အကျပ်အတည်းဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ အဆင်ပြေစေရန် ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဆက်လက် ပြောကြားသည်။

ယခုလတွင် အကျဉ်းထောင်အချို့မှ ထောင်သားများ ထွက်ပြေး လွတ်မြောက်မှုနှင့် ပတ်သက်၍ အကျဉ်းထောင် လုံခြုံရေးအပိုင်းကို မေးမြန်းရာ ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးသွင်က “အကျဉ်းထောင် လုံခြုံရေးကိုတော့ သေချာစွာ ဆောင်ရွက်ထားပါတယ်။ ဘယ်လို ဆောင်ရွက်ထားလဲ ဆိုတာကို လုံခြုံရေးအပိုင်းဖြစ်လို့ ပြောလို့မရပါဘူး။ အဲဒီအပြင် အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေများလို့ နေရာထိုင်ခင်းတွေ အဆင်ပြေဖို့ အဆောက်အအုံအသစ်တွေ ဆောက်လုပ်တာတို့ ဆောင်ရွက်နေပါတယ်။ အဲဒီအပြင် နေရာတွေချောင်နေတဲ့ အကျဉ်းစခန်းတွေကိုလည်း အကျဉ်းသားတွေကို ပြောင်းလွှဲချုပ်ထားမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။

အကျဉ်းသားများ အကျဉ်းထောင်ဖောက်ပြေးမှုမှာ စက်တင်ဘာ ၁၆ ရက်တွင် ဘားအံ အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့ပြီး ကင်တာယာဉ် မောင်းနှင်လာသည့် အကျဉ်းထောင်ဝန်ထမ်းအား အကျဉ်းသားများက ရိုက်နှက်၍ အဆိုပါယာဉ်ကို အသုံးပြုပြီး ထောင်ဝင်တံခါး လေးပေါက်ကို တိုက်ဖြို မောင်းနှင် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

အကျဉ်းထောင် ဖောက်ပြေးသည့် အကျဉ်းသား စုစုပေါင်း ၄၁ ဦးဖြစ်ပြီး ယင်းအထဲတွင် နှစ်ရှည်ပြစ်ဒဏ် ကျခံနေရသည့် ထောင်သား ၂၉ ဦး၊ အချုပ်တရားခံ ၁၂ ဦး ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၈ ရက်တွင် ဘိုကလေးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အချုပ်ကျနေသည့် အချုပ်သား တစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့် အချုပ်ကျနေသည့် အချုပ်သား တစ်ဦးနှင့် ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အချုပ်ကျနေသည့် အချုပ်သားတစ်ဦးတို့မှာ ရဲစခန်းအချုပ်ခန်းမှ ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

အကျဉ်းထောင်များအတွင်း သွားရောက် စစ်ဆေးသည့် လူအခွင့်အရေးကော်မရှင်ကလည်း အကျဉ်းထောင်များအတွင်း အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း၊ ဆေးဝါးများ လိုအပ်ခြင်း၊ နေရာထိုင်ခင်း အကျပ်အတည်းများ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

 

Most Read

Most Recent