Grand Royal တံဆိပ် အရက်အတု ပြုလုပ်ရောင်းချနေ၍ မလေးရှားသို့ တင်ပို့ရောင်းချခြင်းကို ၂၀၁၇ ခုနှစ်ကတည်းက ရပ်တန့်ထားဟု Grand Royal Group ထုတ်ပြန်

Grand Royal တံဆိပ် အရက်အတု ပြုလုပ်ရောင်းချနေ၍ မလေးရှားသို့ တင်ပို့ရောင်းချခြင်းကို ၂၀၁၇ ခုနှစ်ကတည်းက ရပ်တန့်ထားဟု Grand Royal Group ထုတ်ပြန်
Published 21 September 2018

မလေးရှားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အရက်အတုဟု သံသယဖြစ်ဖွယ် ရှိသည့် အရက်အဆိပ်သင့်မှုတွင် Grand Royal အမှတ်တံဆိပ်ပါ အရက်ပါဝင်နေသည်နှင့် ပတ်သက်ပြီး Grand Royal Group မှ စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် Grand Royal Group ၏ ထုတ်ကုန် အရည်အသွေးများမှာ သံသယဖြစ်ဖွယ် အလျဉ်းမရှိဘဲ အာမခံချက် အခိုင်အမာပေးကြောင်း၊ မလေးရှား သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လူသားအရင်းအမြစ် ဆုံးရှုံးမှုများအတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် စစ်မှန်သော တရားခံ ရှာဖွေတွေ့ရှိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် Grand Royal Group အနေဖြင့် တတ်နိုင်သောဘက်မှ ပူးပေါင်းပါဝင်ရန် အဆင်သင့် ရှိနေကြောင်း၊ ထို့ပြင် မလေးရှားနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက Grand Royal အမှတ်တံဆိပ်အရက်အား အတုအပ ပြုလုပ်ရောင်းချမှုများ ရှိနေသည့်အတွက် မလေးရှားနိုင်ငံသို့ အရက်တင်ပို့မှုကို ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ကျွန်မတို့ မနေ့က နောက်ဆုံးရတဲ့ သတင်းအရတော့ မလေးရှား အာဏာပိုင်တွေက ကျွန်မတို့ကုန်ပစ္စည်း မဟုတ်ပါဘူးလို့ မထုတ်ပြန်ထားသေးလို့ကျွန်မတို့ကလည်း ကျွန်မတို့ကုန်ပစ္စည်း မဟုတ်ပါဘူးလို့ ပြောဖိ့ု အခက်အခဲ ရှိနေတာပေါ့။ ကျွန်မတို့အနေနဲ့လည်း နောက်ထပ် သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ မလေးရှား အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ၂၀၁၄ ထဲက မလေးရှားနိုင်ငံမှာ ကျွန်မတို့ ကုန်ပစ္စည်းကို အတုအပတွေ လုပ်နေတာ ရှိနေပါတယ်။ ကျွန်မတို့ကုန်ပစ္စည်း မဟုတ်ဘူးလို့ပြောဖို့ ခက်ခဲနေတာက မလေးရှားအာဏာပိုင်တွေ ကိုယ်တိုင် ကျွန်မတို့ကုန်ပစ္စည်း မဟုတ်ပါဘူး မပြောသေးတော့လေ။ အရင်တုန်းက Export လုပ်တာကလည်း Border တွေမှာပဲ ရောင်းခဲ့တာပေါ့။ ၂၀၁၇ ခုနှစ်ကတည်းက လေဆိပ်တွေရဲ့ Duty Free တွေမှာ ရောင်းခဲ့တာ ရပ်တန့်လိုက်ပြီ။ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်ဖို့ ခက်ခဲနေတာက မလေးရှား အာဏာပိုင်တွေက တိကျတဲ့ သတင်း မထုတ်ပြန်သေးတော့ ပြန်ပြောဖို့ အခက်အခဲရှိနေတာပါ”ဟု Grand Royal Group မှ PR မန်နေဂျာ ဒေါ်လှမြတ်သူက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အရက်အတုဟု သံသယဖြစ်ဖွယ် အရက်အဆိပ်သင့်မှုတွင် စက်တင်ဘာ ၁၉ ရက်အထိ သေဆုံးသူ ၂၁ ဦး ရှိသွားပြီဖြစ်ပြီး ဆေးရုံတွင် ကုသမှု ခံယူနေရသူ ၅၅ ဦးရှိပြီဖြစ်ပြီး ပမာဏ ထပ်တိုးလာဖွယ် ရှိသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဖြစ်သူ Dr. Dzulkefly Ahmad က စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ထို့ပြင် ၎င်းက အဆိုပါ အရက်အဆိပ်သင့်မှုမှာ မသမာသည့် နည်းလမ်းဖြင့် ရောစပ်ထားသည့် အရက်အတုများကြောင့် ဖြစ်ပွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဓာတ်ခွဲစစ်ဆေးချက်များအရ အဆိပ်သင့်ခဲ့သည့် အရက်များတွင် မက်သနော ပါဝင်မှုများကြောင့် အဆိပ်သင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent