ထိုင်းနိုင်ငံမှ ဝယ်ယူရောင်းချသော စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မြဝတီမြို့ရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ထိခိုက်လာဟုဆို

ထိုင်းနိုင်ငံမှ ဝယ်ယူရောင်းချသော စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မြဝတီမြို့ရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ထိခိုက်လာဟုဆို
Published 21 September 2018

မြဝတီမြို့အတွင်း သွားလာနေသော ယာဉ်များကို တွေ့ရစဉ်

ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး ဆက်လက် မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံမှ ဝယ်ယူရောင်းချသော စက်သုံးဆီဈေးနှုန်းများမှာလည်း ယခင်လကထက် မြင့်တက်သည့်အတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလည်း ထိခိုက်လာကြောင်း သိရသည်။

မြဝတီ-ဘားအံ၊ မြဝတီ- မော်လမြိုင် နှင့် မြန်မာနိုင်ငံအနှံ့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များမှာ စက်သုံးဆီဈေးကြောင့် အခက်ကြုံနေရသည်ဟု ဆိုသည်။

မြဝတီ-မော်လမြိုင် ယာဉ်ငယ်ဖြင့် ခရီးသည်ပို့ဆောင်ရေး လုပ်သူတစ်ဦးက “စက်သုံးဆီဈေး မြင့်တက်နေပေမယ့် ယာဉ်စီးခကိုတော့ မြှင့်လို့မရသေးပါဘူး။ ခရီးသည်ကိုသာ ပိုရှာနေရတယ်။ အရင် ခရီးသည် နှစ်ယောက်လောက်နဲ့ သွားလု့ိရပေမယ့် အခုအချိန်မှာတော့ အနည်းဆုံး ခရီးသည် လေး၊ ငါးယောက်လောက်မှ အဆင်ပြေပါတယ်။ ငွေဈေးကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်ဆိုတော့ ခရီးသွားလည်း အရင်ထက် နည်းပါးလာတဲ့အတွက် ကားတစ်ကြောင်းဆွဲဖို့ ခရီးသည်ရှာရတဲ့ အခက်အခဲလည်း ကြုံလာရပါတယ်။ ဆီဈေးတက်ခြင်းက ခရီးသွားလုပ်ငန်းကို ထိခိုက်လာပါတယ်” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စက်သုံးဆီဆိုင် အသီးသီးမှ သင့်တော်ရာ ကုမ္ပဏီနှင့် ချိတ်ဆက်ကာ ထိုင်းဘတ်ငွေဖြင့် ဝယ်ယူပြီး မြဝတီနယ်စပ်မြို့တွင် မြန်မာကျပ်ငွေဖြင့် ပြန်လည် ရောင်းချသော စက်သုံးဆီများမှာ ဘတ်ငွေဈေးကြောင့် သုံးစွဲသူများ အခက်ကြုံနေသည်ဟု မြဝတီမြို့နယ် စက်သုံးဆီဆိုင်များအသင်းဥက္ကဋ္ဌ ဦးဖေသိန်းက ပြောကြားသည်။

“အခုလက်ရှိမှာ ထိုင်းဘတ်ငွေဈေး တက်သွားတဲ့အတွက် ဝယ်ယူအားမှာ ဈေးအရမ်းကွာသွားတယ်။ ထိုင်းနိုင်ငံဘက်က ဓာတ်ဆီ၊ ဒီဇယ်၊ ၉၅ ဝယ်ယူတဲ့အခါ အဆမတန် ဈေးတက်သွားပါတယ်။ ရောင်းချတဲ့နေရာမှာ အခက်အခဲနဲ့ တွေ့ကြုံ ရင်ဆိုင်နေ ရပါတယ်။ ဘာလု့ိလဲဆိုတော့ ခရီးသွားတွေက ယာဉ်ကိုပဲ အားကိုးနေရတာလေ။ ခရီးသွား သယ်ယူမှုလုပ်ငန်းမှာ ဝန်နဲ့အားမမျှတတဲ့ အခက်အခဲကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံဘက်မှ တင်သွင်း ရောင်းချသော စက်သုံးဆီ အများဆုံးရှိသော မြဝတီမြို့တွင် အချို့သော စက်သုံးဆီဆိုင်တွင် သီလဝါဆိပ်ကမ်းမှ တင်သွင်းရောင်းချမှုများလည်း ရှိသည့်အတွက် ဈေးနှုန်းကွာဟမှု ရှိကြောင်း ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်တွင် ထိုင်းဘတ်ငွေဈေးမှာ ဘတ် ၂၀၀၀ လျှင် ကျပ်ငွေတစ်သိန်း ပေါက်ဈေး ဖြစ်နေသောကြောင့် စက်သုံးဆီ ၄၇၀၀၀ လီတာဆံ့ ဆီဘောက်ဆာတစ်စီး ဝယ်ယူတိုင်း ယခင်လကထက် ကျပ်ငွေ နှစ်သိန်းကျော် အပိုဆောင်း ဝယ်ယူနေရကြောင်း သိရသည်။

Most Read

Most Recent