Waste to Energy အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ရန် အမှိုက်စွန့်ပစ်ခ တိုးမြှင့်ကောက်ခံမှသာ စက်ရုံ လည်ပတ်နိုင်ရေး ကုစားနိုင်မည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား

Waste to Energy အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ရန် အမှိုက်စွန့်ပစ်ခ တိုးမြှင့်ကောက်ခံမှသာ စက်ရုံ လည်ပတ်နိုင်ရေး ကုစားနိုင်မည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား
Published 21 September 2018

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုအား ဧပြီ ၂၈ ရက်က မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

Waste to Energy အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ရန် လစဉ် အမှိုက်စွန့်ပစ်ခများ တိုးမြှင့်ကောက်ခံမှသာ နှစ်စဉ် လည်ပတ်နိုင်ရေးအတွက် ကုစားနိုင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြောကြားသည်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မကြာသေးမီက ထိန်ပင်အမှိုက်ပုံတွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွန်းမှုမျိုး အဆိုပါနေရာ အပါအဝင် ကျန်အမှိုက်စုပုံသည့် နေရာများတွင် ထပ်မံ မဖြစ်ပွားရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စွန့်ပစ်အမှိုက်များအား မီးရှို့ဖျက်ဆီးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊မရှိ ရှိပါက မည်သည့်ကာလတွင် မည်သည့်နည်းလမ်းများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ Waste to Energy လုပ်ငန်းဖြစ်တဲ့ အမှိုက်မီးရှို့တဲ့ လုပ်ငန်းဟာ တည်ဆောက်ရေး ကုန်ကျစရိတ် မြင့်မားပြီးတော့ နှစ်စဉ် စက်ရုံလည်ပတ်ရေးဆိုင်ရာ ကုန်စရိတ်တွေ ရှိတဲ့အတွက်ကြောင့်လည်း အကျိုးအမြတ် ပြန်လည်ရရှိမှု မရှိပေမဲ့ အမှိုက်က စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ လျှပ်စစ်ဓာတ်အားနဲ့ ကာဗွန်ကရက်ဒစ်ရောင်းခဖို့အတွက် အမှိုက်စွန့်ပစ်ခတွေကို တိုးမြှင့်ကောက်ခံမှသာ နှစ်စဉ် စက်ရုံလည်ပတ်နိုင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး ကုန်စရိတ်တွေကို ပြန်လည်ကုစားနိုင်မှာ ဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီမှ အိမ်ထောင်စုများ၏ အမှိုက်ကောက်ခံမှုအနေဖြင့် တစ်လလျှင် ၃၀၀ ကျပ်၊ ၄၀၀ ကျပ်၊ ၆၀၀ ကျပ် စသည်ဖြင့် ကောက်ခံလျက် ရှိကြောင်း၊ ရန်ကုန်မြို့၏ အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်း နည်းစဉ်တစ်မျိုးအပြင် အမှိုက်ခွဲခြားခြင်း၊ သဘာဝမြေဆွေး ပြုလုပ်ခြင်း၊ Recycle Reduce ၊ Reuse ပြုလုပ်ခြင်း နှင့် အမှိုက်မှ အပူဖြင့် စွမ်းအင်ထုတ်လုပ်ခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းကို City to City (သို့မဟုတ်) Government Grants (G to G) အစီအစဉ်ဖြင့် ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် Joint Venture အနေဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ODA ချေးငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

အလားတူ အမှိုက်ပုံများတွင် မီးအန္တရာယ် မဖြစ်စေရေးအတွက် အမှိုက်ထုကို မီးတားလမ်းများအဖြစ် ပိုင်းခြား စုပုံလျက်ရှိကြောင်း၊ အမှိုက်ပုံများ အကန့်လိုက်ဖြစ်စေရန် ပေ ၃၀၀ ကြားတွင် ပေ ၂၀ ပိုင်းခြား ဆောင်ရွက်လျက် ရှိကြောင်း၊ အမှိုက်ဖြန့်ဝေခြင်းအတွက် ယန္တရားများအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မီးသတ်ယာဉ်တစ်စီးကို အဆင်သင့်ပြုလုပ်ထားကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်မြို့မှ ထွက်ရှိသည့် အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခရိုင်အလိုက် ခွဲခြားစွန့်ပစ်လျက်ရှိပြီး အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်မှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအဖြစ် လည်းကောင်း၊ အရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်မှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတို့တွင် ထားရှိပြီး ရန်ကုန်မြစ် တစ်ဖက်ကမ်း ဒလမြို့မှ ထွက်ရှိသည့် အမှိုက်များကို ဒလ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအသေးနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ထွက်ရှိသည့် အမှိုက်များကို ဆိပ်ကြီးခနောင်တိုမြို့နယ် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအသေးတို့တွင် နေ့စဉ် စွန့်ပစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံများမှ အမှိုက်များကို မြေကျင်းတူးပြီး အမှိုက်များကို တိုက်ရိုက် စွန့်ပစ်စနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent