နိုင်ငံအတွင်းရှိ လူတစ်ဦးချင်းစီအား နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ Unique ID Number များ ပေးအပ်နိုင်ရေး လုပ်ငန်းစဉ်များ ရေးဆွဲပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နိုင်ငံအတွင်းရှိ လူတစ်ဦးချင်းစီအား နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ Unique ID Number များ ပေးအပ်နိုင်ရေး လုပ်ငန်းစဉ်များ ရေးဆွဲပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 21 September 2018

နေပြည်တော် သင်္ဂဟဟိုတယ်တွင် စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ်

နိုင်ငံအတွင်းရှိ လူတစ်ဦးချင်းစီအား နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ Unique ID Number များ ပေးအပ်နိုင်ရေး လုပ်ငန်းစဉ်များ ရေးဆွဲပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ဝန်ကြီးဌာနအနေနဲ့လည်း ကုမ္ပဏီ ၄၀ ကျော်ကို လေ့လာပြီးတော့မှ လုပ်ငန်းစဉ်တွေကို ရေးထားပြီး ဖြစ်တယ်။ ဥပဒေလည်းပဲ ရေးဆွဲနေပြီဖြစ်တယ်။ နောက်ပြီးတော့မှ အဲဒီလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကော်မတီ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ မြို့နယ်အဆင့်အထိ ကော်မတီများလည်း ဖွဲ့စည်းပြီး ဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်း၊ အနည်းဆုံးအခကြေးငွေနှင့် လုပ်သားဈေးကွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီးပွားရေး ရည်မှန်းချက် ၁၂ ချက်ထဲမှာ ထည့်ထားတယ်။ အဲဒီအတွက်ကို e-Government ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်အတွင်းမှာရှိတဲ့ လူအားလုံးပေါ့။ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ရှိတဲ့သူအားလုံးကို Unique ID Number လို့ ခေါ်ပါတယ်။ တစ်ဦးချင်းစီကို နံပါတ်တစ်ခုပေးတဲ့ သဘောပါပဲ။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာရော၊ နောက်ပြီးတော့မှ အိန္ဒိယနိုင်ငံမှာရော၊ အခြားနိုင်ငံတွေမှာ အလားတူ ပေးထားပါတယ်။ အဲဒါကို ပေးဖို့၊ စပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ e-Government ဗဟိုကော်မတီကနေမှ ဆုံးဖြတ်ထားတယ်။ လုပ်ငန်းကော်မတီကိုလည်း တာဝန်ပေးထားတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နိုင်ငံအတွင်း နေထိုင်သည့် လူတစ်ဦးချင်းစီအား နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ လူဦးရေစာရင်း ကောက်ယူနိုင်ရန်နှင့် e-Government၊ Digital Government အဖြစ် အကောင်အထည်ဖော်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ယခုလို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက “အဲဒီအတွက်လည်းပဲ ဝန်ကြီးဌာနအနေနဲ့ ကုန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီးတော့မှ တစ်နှစ်ကျော်လောက်က စပြီးတော့မှ ဒီကိစ္စကို လုပ်ကိုင်ဖို့ကို လေ့လာမှုတွေ ပြုခဲ့တယ်။ နောက်ပြီးတော့ သုတေသနတွေ ပြုခဲ့တယ်။ ဆွေးနွေးပွဲတွေ ပြုခဲ့တယ်။ သိပ်မကြာခင်ကာလမှာလည်းပဲ အိန္ဒိယနိုင်ငံရဲ့ သူတို့အတွေ့အကြုံတွေကို ဆောင်ရွက်ခဲ့တယ်။ ဝန်ကြီးဌာန အနေနဲ့လည်း ကုမ္ပဏီ ၄၀ ကျော်ကို လေ့လာပြီးတော့မှ လုပ်ငန်းစဉ်တွေကို ရေးထားပြီးဖြစ်တယ်။ ဥပဒေလည်းပဲ ရေးဆွဲနေပြီဖြစ်တယ်။ နောက်ပြီးတော့မှ အဲဒီလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ကော်မတီ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ မြို့နယ်အဆင့်အထိ ကော်မတီများလည်း ဖွဲ့စည်းပြီး ဖြစ်တယ်။ အဲဒါပြီးရင် ဒါနိုင်ငံတော်ရဲ့ ဒါခွင့်ပြုချက်ရပြီ။ ဘတ်ဂျက်တွေ ရပြီဆိုရင် အဲဒီလုပ်ငန်းစဉ်အတိုင်းပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အဲဒီလိုဆောင်ရွက်ပြီးတဲ့ အခါမှာ အဲဒီနံပါတ်တစ်ခု ရပြီးပြီဆိုရင် မှတ်ပုံတင်ရှိတဲ့ နိုင်ငံသားတွေအနေနဲ့ Electronic ID Card ကို ထုတ်ပေးနိုင်ရေး အတွက်ကိုလည်းပဲ စတင်ပြီးတော့ ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent