ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာတွင် နေထိုင်သော အငှားနွားကျောင်းသူ မြိုတိုင်းရင်းသားတစ်ဦး အသတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာတွင် နေထိုင်သော အငှားနွားကျောင်းသူ မြိုတိုင်းရင်းသားတစ်ဦး အသတ်ခံရ
Published 21 September 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာပြီး မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာတွင် နေထိုင်သည့် အငှားနွားကျောင်းသူတစ်ဦး အသတ်ခံရကြောင်း၊ သတ်ဖြတ်ခံရသူမှာ ဦးဒီလု (ဘ) ဦးကော်လိုင် (၄၀ နှစ်) ဖြစ်ပြီး လည်ပင်း၊ လက်မောင်းတစ်ဖက်တစ်ချက်၊ ဒူးဆစ်တို့တွင် ဓားခုတ်ဒဏ်ရာငါးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သားသမီးလေးဦး ကျန်ခဲ့ကြောင်း သိရသည်။

ဦးဒီလုသည် စက်တင်ဘာ ၁၉ ရက်က နွားကျောင်းသွားရင်း ပျောက်ဆုံးနေခဲ့ရာမှ ကျေးရွာသားများက ရှာဖွေခဲ့ရာ စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီခွဲအချိန်တွင် သစ်တုံးနားခွဆုံကျေးရွာမှ တစ်မိုင်ခွဲအကွာ သစ်တုံးနားခွဆုံကျေးရွာနှင့် အာဇံဘော်ကျေးရွာ အကြားတွင် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သစ်တုံးနားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောကြားသည်။

“မနေ့က နွားကျောင်းသွားရင်းနဲ့ နေ့လယ် ၁ နာရီလောက်ကတည်းက ပျောက်သွားတာ ဖြစ်ပါတယ်။ ရွာသားတွေက ဝိုင်းဝန်းလိုက်ရှာကြတော့ ဒီကနေ့ နံနက် ၈ နာရီခွဲအချိန်မှာ သစ်တုံးနားခွဆုံကျေးရွာနဲ့ တစ်မိုင်ခွဲအကွာမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ပါတယ်။ နွားနှစ်ကောင်ကိုတော့ ပြန်ရှာမတွေ့ပါဘူး။ သေဆုံးသွားသူဟာ ဘင်္ဂလားဒေ့ရှ်ကနေ သုံးလပိုင်းက ဝင်လာပြီး သစ်တုံးနားခွဆုံကျေးရွာမှာ နေထိုင်နေတဲ့ မြိုလူမျိုး ဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်သမားတွေ သတ်ဖြတ်သွားတာလို့ ယူဆပါတယ်။ အကြမ်းဖက်သမားတွေ ဝင်နိုင်တဲ့ အနေအထားလည်း အများကြီး ရှိပါတယ်။ ဒီဖြစ်စဉ် မတိုင်ခင်ကလည်း ကျွန်တော်တို့ရွာနားကို နွားခိုးတွေ ဝင်လာတာ ရှိပါတယ်။ သက်ဆိုင်ရာက လာစစ်ဆေးပြီးတော့ အကြမ်းဖက်သမားတွေကို ရှာဖွေရေး လုပ်နေပါတယ်။ လေးလပိုင်းကလည်း လေးမြို့ကေဒီကျေးရွာကတစ်ယောက် အသတ်ခံရတာ ရှိပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ ခုနစ်လပိုင်း ၂၇၊ ၂၈ ရက်ပိုင်းက အကြမ်းဖက်သမားတွေ ဝင်နိုင်တယ်ဆိုတဲ့ သတင်းတွေကို သက်ဆိုင်ရာလူကြီးတွေက ကျွန်တော့်ကို အသိပေးထားတာ ရှိပါတယ်။ ဒါကြောင့်ရွာမှာ ကင်းစောင့်ကြပါတယ်” ဟု သစ်တုံးနားခွဆုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောကြားသည်။

အဆိုပါ ဦးဒီလုသည် ၂၀၁၈ ခုနှစ် မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ပြီး သစ်တုံးနားခွဆုံကျေးရွာတွင် နေထိုင်ကာ ကျေးရွာသားများ၏ နွားများကို အငှားကျောင်းနေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent