ပေါက်မြို့နယ်အတွင်း သရက်ကန်ကျေးရွာအုပ်စုမှထွက်သည့် ရေနံသယ်ဆောင်ရာတွင် ဝန်ထမ်း ၁၁ ဦးက ကျပ်သိန်း ၁၀၀၀ ကျော် လာဘ်ငွေယူသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား

ပေါက်မြို့နယ်အတွင်း သရက်ကန်ကျေးရွာအုပ်စုမှထွက်သည့် ရေနံသယ်ဆောင်ရာတွင် ဝန်ထမ်း ၁၁ ဦးက ကျပ်သိန်း ၁၀၀၀ ကျော် လာဘ်ငွေယူသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား
Published 21 September 2018

ပေါက်မြို့နယ်အတွင်းရှိ တရားမဝင် ရေနံချက်ဖိုတစ်ခုအား တွေ့ရစဉ်

ပေါက်မြို့နယ်အတွင်း သရက်ကန်ကျေးရွာအုပ်စုမှ ထွက်ရှိသည့် ရေနံများအား သယ်ဆောင်ရာတွင် ဝန်ထမ်း ၁၁ ဦးက ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် လာဘ်ငွေယူသည်ဟုဆိုကာ ဒေသခံသုံးဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်း သရက်ကန်ကျေးရွာမှ ဒေသခံသုံးဦးက ခရိုင်အဆင့် ဝန်ထမ်းနှစ်ဦး၊ မြို့နယ်အဆင့်ရှစ်ဦးနှင့် ရပ်/ကျေးအဆင့် တာဝန်ရှိသူတစ်ဦး စုစုပေါင်း ၁၁ ဦးအား ငွေကျပ် ၁၃၄,၅၁၂,၄၄၅၀ လာဘ်ငွေပေးရခြင်းနှင့် ပတ်သက်၍ ယခုလတွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနံထုတ်လုပ်ခြင်းနှင့် ရေနံတူးဖော်ခြင်း လုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများက ပေါက်မြို့နယ်မှ မုံရွာမြို့သို့ ခွင့်ပြုမျှောစာမရှိသည့် ရေနံများအား သယ်ပို့ရာတွင် လာဘ်ငွေအဖြစ် ပေးခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ငွေ ကျပ်သိန်း ၁၀၀၀ ကျော်အား ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ပေးခဲ့ရသည့် ငွေပမာဏဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားခံရသူများအား စက်တင်ဘာ ၁၉ ရက်မှစ၍ ပခုက္ကူမြို့တွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“တိုင်တယ်ဆိုတာကတော့ အဆင်ပြေတုန်းကပြေပြီး မပြေကာမှ တိုင်တာတွေလည်း ရှိတယ်။ လူလွဲတိုင်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ဘယ်သူကိုမှ မနစ်နာစေချင်ဘူး။ ဒါပေမဲ့ ကျူးလွန်ရင်တော့ ကျူးလွန်တဲ့အတိုင်း ထိထိရောက်ရောက် ဖြစ်ဖို့ရာ စောင့်ကြည့်နေပါတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

ပေါက်မြို့နယ်အတွင်း ရေနံလက်ယက်တွင်းများ လုပ်ကိုင်ရာတွင် ပြည်ထောင်စုဥပဒေများနှင့် မညီခြင်းများလည်းရှိကြောင်း၊ လက်ယက်တွင်းဥပဒေတွင် ပေ ၁၀၀၀ ပြဋ္ဌာန်းထားသော်လည်း မြေပြင်တွင် ပေ ၂၀၀၀ ခန့်အထိ တူးဖော်မှ ရေနံထွက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်း၍ ဒေသခံများ စီးပွားရေး အဆင်ပြေစေရန် တိုင်းဒေသကြီး ဥပဒေများနှင့် လုပ်ကိုင်ပေးနေကြောင်း၊ ရေနံသယ်ပို့ရာတွင် အခွန်ရရှိရေး လုပ်ဆောင်ပေးနေကြောင်းနှင့် တရားမဝင် ရေနံချက်လုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

ပေါက်မြို့နယ် သရက်ကန်ကျေးရွာအုပ်စုအနီးမှ ပုံတိုရေနံမှော်အတွင်း တရားမဝင် ရေနံချက်လုပ်သည့် ရေနံချက်ဖိုများ များပြားလာခြင်းကြောင့် ရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ ရေနံချက်ဖို ၇၉ ဖိုနှင့် ရေနံဂါလန်ထောင်နှင့်ချီ ဖမ်းဆီးရမိခဲ့သည်။

ပေါက်မြို့နယ်အတွင်းရှိ လက်ယက်တွင်းများမှ ထွက်ရှိသည့် ရေနံများအား တရားမဝင်ချက်လုပ်မှု များပြားလာ၍ ပြည်ထောင်စုအစိုးရမှ ပခုက္ကူမြို့နယ်တွင် ရေနံချက်လုပ်ငန်း အသေးစားများအား တရားဝင် ခွင့်ပြုပေးရန် ပြင်ဆင်နေသည်။

Most Read

Most Recent