ဘားအံအကျဉ်းထောင်မှ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် မူးယစ်ဆေးအမှုဖြင့် စစ်ဆေးဆဲကာလ ယခင်နှစ်က အချုပ်ယာဉ်ပေါ်မှ ထွက်ပြေးသွားသူတစ်ဦးကို ဖမ်းဆီးရမိ

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် မူးယစ်ဆေးအမှုဖြင့် စစ်ဆေးဆဲကာလ ယခင်နှစ်က အချုပ်ယာဉ်ပေါ်မှ ထွက်ပြေးသွားသူတစ်ဦးကို ဖမ်းဆီးရမိ
Published 21 September 2018

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရန် ကျန်နေသည့် အကျဉ်းသား ၂၀ အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေစဉ် မူးယစ်ဆေးအမှုဖြင့် စစ်ဆေးဆဲကာလ အချုပ်ယာဉ်ပေါ်မှ ထွက်ပြေးသွားသော တရားခံပြေးတစ်ဦးကို လှိုင်းဘွဲမြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင်ရဲအုပ် သက်စိုးဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ထောင်ပြေးတရားခံများ ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ယခင်နှစ်က မူးယစ်အမှုဖြင့် စစ်ဆေးဆဲကာလတွင် အချုပ်ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ထွက်ပြေးနေသည့် တရားခံပြေး မြင့်စိုးအောင်ကို လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံကျေးရွာ၊ ကားဝပ်ရှော့တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် မြင့်စိုးအောင်(ခ)တိုတို (၃၀နှစ်)၊ မြိုင်သာယာကျေးရွာ၊ ဘားအံမြို့နယ်နေသူသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မေ ၁၄ ရက်က WY ဆေးပြား ၂၇၈ ပြားနှင့်အတူ ဖမ်းဆီးရမိ၍ ဘားအံမြို့မ ရဲစခန်းက မယ(ပ)၄၅/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် ဘားအံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ စစ်ဆေးခဲ့ရာမှ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က ဘားအံတရားရုံးမှ ဘားအံ အကျဉ်းထောင်သို့ တရားရုံးထုတ် အချုပ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်စဉ် ဘားအံမြို့နယ်၊ ဘားအံ-လှိုင်းဘွဲကားလမ်း၊ တောင်ကလေးကျေးရွာအနီးအရောက် ၎င်းနှင့် ကျန်အချုပ်သား သုံးဦးတို့ပေါင်းကာ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး အချုပ်ယာဉ်ပေါ်မှ ခုန်ချထွက်ပြေး လွတ်မြောက်သွားသူဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ဘားအံမြို့မရဲစခန်းမှ(ပ) ၁၀၇၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄/ ၃၃၂/၁၁၄/ ကျင့် ၅၁၂ ဖြင့် အမှုဖွင့် အရေးယူထားသောကြောင့် ဘားအံမြို့မရဲစခန်းက အဆိုပါ အမှုနှစ်မှုတို့ဖြင့် တရားစွဲတင်ပို့ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဘားအံမြို့မရဲစခန်းမှ သိရသည်။

Most Read

Most Recent