ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon.Jeremy Hunt MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်ပြိုနယ်စပ် ပြန်လည်လက်ခံရေးစခန်းသို့ လာရောက်လေ့လာ

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon.Jeremy Hunt MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်ပြိုနယ်စပ် ပြန်လည်လက်ခံရေးစခန်းသို့ လာရောက်လေ့လာ
Published 21 September 2018

ပန်းတောပြင် ကျေးရွာတွင် ကျေးရွာသားဘင်္ဂါလီများနှင့် တွေ့ဆုံစဉ်

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon.Jeremy Hunt MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက တောင်ပြိုနယ်စပ် ပြန်လည်လက်ခံရေးစခန်းသို့ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon.Jeremy Hunt MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် တောင်ပြိုလက်ဝဲမြို့သို့ နံနက် ၈ နာရီ ၅၈ မိနစ်တွင် ရောက်ရှိခဲ့ပြီး ပြန်လည် လက်ခံရေးစခန်းသို့ မော်တော်ယာဉ်များဖြင့် သွားရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်လက်ခံမည့် အစီအစဉ်များကို Power Point ဖြင့် ပြန်လည်လက်ခံရေးတာဝန်ခံ ဒုညွှန်ကြားရေးမှူး ဦးစိုးထွန်းမှ ရှင်းလင်း ပြောကြားပြီး သိလိုသည်များကို မေးမြန်းကာ ရဟတ်ယာဉ်ဖြင့် နံနက် ၉ နာရီ ၄၃ မိနစ်တွင် တောင်ပြိုလက်ဝဲမြို့ ရဟတ်ယာဉ်ကွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အလားတူ ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာ စာသင်ကျောင်းတွင် ဘင်္ဂါလီ၊ ဟိန္ဒူနှင့် ရခိုင်တိုင်းရင်းသားများအားလည်းကောင်း၊ မောင်တောခရိုင် ထွေအုပ်ရုံးတွင် မြို၊ ရခိုင်၊ ဘင်္ဂါလီများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာခြင်း မရှိသည့် မောင်တောတောင်ပိုင်းမှ ပန်းတောပြင် ဘင်္ဂါလီကျေးရွာသို့ သွားရောက်ကာ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

မောင်တောခရီးစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E.Mr.Daniel Patrick Brendon Chugg၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဒေါက်တာချမ်းသာနှင့် အစိုးရတာဝန်ရှိသူများ အတူလိုက်ပါလာကြောင်း သိရသည်။

မောင်တောခရီးစဉ်မှအပြန်တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် ရှိကြောင်းလည်း သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon.Jeremy Hunt MP ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၃၃ တိုးချဲ့ရပ်ကွက်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

Most Read

Most Recent