နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိ စံချိန်သစ် ထပ်တင်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၆၁၀ သို့ ပြန်လည်ကျဆင်း

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိ စံချိန်သစ် ထပ်တင်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၆၁၀ သို့ ပြန်လည်ကျဆင်း
Published 21 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

စက်တင်ဘာ ၁၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိ စံချိန်သစ် ထပ်တင်နိုင်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၆၁၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့် ငွေကြေးများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အားပျော့နေသည်။ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၆၅၀ နှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၃၀၄ ကျပ်၊ ၂၂ ရာခိုင်နှုန်းကျော် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ သုံးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်တွင် ကွာဟချက် အများဆုံး ဖြစ်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက်တွင် အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၈၈၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၂၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၉၀ ကျပ်၊ ထိုင်းဘတ် ၅၁ ကျပ်၊ တရုတ်ယွမ် ၂၃၃ ကျပ် ဖြစ်ပေါ်နေသည်။

Most Read

Most Recent