ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်အား ပြင်ဆင်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားမှုကို လက်မခံဘဲပယ်ချ

ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့် စွဲချက်အမိန့်အား ပြင်ဆင်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားမှုကို လက်မခံဘဲပယ်ချ
Published 20 September 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ(ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ အပေါ်ချမှတ်ထားသည့် စွဲချက်အမိန့်အား ပြင်ဆင်ပေးရန် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားမှု နှင့် ပတ်သက်၍  စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ကြောင်း သိရသည်။

ယင်းကြောင့်လာမည့် ရုံးချိန်းများတွင် အမှုကိုပုံမှန်စစ်ဆေးနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အမှုလက်ခံရေးအတွက် လျှောက်လဲချက်ပေးတာ။ ကြည်လင်းတို့အမှုတွေအားလုံး ပယ်လိုက်တယ်။ ခရိုင်ရုံးမှာပဲ အခုအတိုင်း ပြန်စစ်သွားတော့မယ်” ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်ဆန်းအောင်က ဖြေကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ(ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ အမှုစစ်ဆေးနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ အထူးခုံရုံးက ကြည်လင်းအား ၃၀၂(၁)(ခ)/၃၄ဖြင့် လည်းကောင်း၊ ဦးနေဝင်းကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြင့် ၃၀၂(၂) ဖြင့် လည်းကောင်း၊ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ) ဖြင့် လည်းကောင်း စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောင်ဝင်းဇော်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ နှင့် ၁၈၇၈ ခုနှစ်လက်နက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ)တို့ ဖြင့် လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ အောင်ဝင်း ထွန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့် လည်းကောင်းစသည့် ပုဒ်မအသီးသီးဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်ခဲ့သည်။

ထို့နောက်အဆိုပါစွဲချက်ကိုမကျေနပ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ စွဲချက်ပြင်ဆင်မှု ဆက်တက်ရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဇွန် ၁၈ ရက်တွင် တရားရုံး ရုံးခန်းအမှတ် ၇ တွင် စွဲချက်ပြင်ဆင်မှုအတွက် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့အမိန့်ချမှတ်ရာ၌ အောင်ဝင်းဇော်မှာ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) (စ) ဖြင့် စွဲချက်တင်ထားသည့် လက်နက်အမှုမှ တရားရှင်လွတ်မြောက်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/၃၄ ဖြင့် စွဲချက်တင်ခံထားရသည့် ဇေယျာဖြိုးကို ၃၀၂ (၁) (ခ) /၁၀၉ ဖြင့် ပြောင်းလဲစစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။ ကျန်ရှိသည့်အမှုများကိုမူ ပလပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စွဲချက်ပြင်ဆင်မှု ဆက်တက်ခဲ့ခြင်းဖြစ်သည်။ စွဲချက်တင်ခံထားရသူများကမူ ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားကြသည်။

 

 

Most Read

Most Recent