ဒေါ်လာတန်ဖိုး အလွန်ခိုင်မာလာချိန်တွင် ပြည်တွင်းစီးပွားရေး အခြေအနေမညီမျှမှုပြဿနာများနှင့် စီးပွားရေးဆိုင်ရာ အခြေခံအားနည်းချက်များကြောင့် မြန်မာကျပ်ငွေတန်ဖိုး အခြားနိုင်ငံ ငွေကြေးများထက် ပိုမိုကျဆင်းဟု ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ ပြောကြား

ဒေါ်လာတန်ဖိုး အလွန်ခိုင်မာလာချိန်တွင် ပြည်တွင်းစီးပွားရေး အခြေအနေမညီမျှမှုပြဿနာများနှင့် စီးပွားရေးဆိုင်ရာ အခြေခံအားနည်းချက်များကြောင့် မြန်မာကျပ်ငွေတန်ဖိုး အခြားနိုင်ငံ ငွေကြေးများထက် ပိုမိုကျဆင်းဟု ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ ပြောကြား
Published 20 September 2018

 

ဒေါ်လာတန်ဖိုးအလွန်ခိုင်မာလာချိန်တွင် ပြည်တွင်းစီးပွားရေးအခြေအနေ မညီမျှမှုပြဿနာများနှင့် စီးပွားရေးဆိုင်ရာအခြေခံ အားနည်းချက်များကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အခြားနိုင်ငံငွေကြေးများထက် ပိုမို ကျဆင်းနေသည်ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စက်တင်ဘာ ၁၉ ရက်၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေပြောကြားသည့် နိုင်ငံတော်အစိုးရ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံတင်ပြချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

“ နိုင်ငံအနေနဲ့ သွင်းကုန်က ပို့ကုန်ထက် ပိုမိုမြင့်မားနေတဲ့အတွက် ကုန်သွယ်မှုလိုငွေ ရှိနေပြီး ကုန်သွယ်မှုမညီမျှတဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီအနေအထားမှာ အမေရိကန်ဒေါ်လာတန်ဖိုးဟာ လွန်ခဲ့တဲ့ လေးလ ပိုင်းနဲ့ ခြောက်လပိုင်းကစတင်ပြီး အလွန်ခိုင်မာလာတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုးသာမက တစ်ကမ္ဘာလုံးရှိ ငွေကြေးတန်ဖိုးများလည်း ကျဆင်းလာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ ပြင်ပဂယက် ရိုက်ခတ်မှုဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းဟာ တခြား နိုင်ငံများထက် ပိုမိုပြီးသက်ရောက်မှုရှိတာကို တွေ့မြင်နိုင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေသည့်  အကြောင်းရင်းများစွာရှိသည့်အနက် ကျပ်ငွေ တန်ဖိုး သို့မဟုတ် ငွေလဲလှယ်နှုန်းကို လွှမ်းမိုးထားသော အဓိကအချက်များမှာ ကုန်သွယ်မှုလိုငွေ (နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်း၏ သာမန်စာရင်းလိုငွေ)၊ အတိုး နှုန်း၊ ငွေဖောင်းပွမှုနှုန်းနှင့် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာတို့ ဖြစ်သည်။

“မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ခြင်းကို လေ့လာကြည့်ရင် ပြင်ပသက်ရောက်မှုက စတင်ခဲ့ပေမယ့် ပြည်တွင်းအခြေအနေမှာ စီးပွားရေးအခြေအနေမညီမျှမှု ပြဿနာတွေနဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံအားနည်း ချက်တွေရှိနေတယ်လို့ ဆိုနိုင်ပါတယ်”  ဟု ဦးကျော်တင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံ၏ကုန်သွယ်မှုကို ပြန်ကြည့်ပါက ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ရှိပြီး ယင်းတန်ဖိုးမှာ လျော့နည်းသွားသော ပမာဏဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၂ ဘီလျံနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ ခန့်ရှိသည်ကို တွေ့ရပြီး ယင်းတန်ဖိုးများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်း ငွေတန်ဖိုးအပေါ် ဖိအားများစွာသက်ရောက်သည်ကို တွေ့မြင်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၏ ရာသီအလိုက် နိုင်ငံခြားငွေလိုအပ်ချက်မှာ ပြောင်းလဲမှုရှိသည်ကို တွေ့မြင်နိုင်ပြီး အထူးသဖြင့် ဇူလိုင်မှ ဒီဇင်ဘာအထိ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားသော အချိန်ကာလဖြစ် ကြောင်းကို တွေ့မြင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့နဲ့   ပြည်တွင်းစီးပွားရေးဖွဲ့စည်းတည်ဆောက်မှု မှန်ကန်ခိုင်မာပြီး သက်ရောက်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိစေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍက သက်ဆိုင်သူတွေ နဲ့ ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေကြောင်း ပြောကြားလိုပါတယ်” ဟု ဦးကျော်တင့်ဆွေက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် ပို့ကုန်ဝင်ငွေလျော့ နည်းခြင်း၊ အခွန်ဘဏ္ဍာဆုံးရှုံးခြင်း၊ သဘာ၀ သယံဇာတပြုန်းတီးမှုဖြစ်စေခြင်း၊ စားသုံးကုန်ပစ္စည်းများ တရားမဝင် တင်သွင်းနေသည့်အတွက် အလားတူထုတ်လုပ်သည့် ပြည်တွင်းအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို ကြီးမားစွာထိခိုက်စေခြင်းနှင့် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေနိုင်မှုစသည့် စိန်ခေါ်မှုများရှိနေပြီး အဆိုပါစိန်ခေါ်မှုများကို ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၁၉ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ  ကျပ် ၁၆၂၂ နှင့် နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၂၇၆ ကျပ်၊ ရာခိုင်နှုန်း ၂၀  ကျော် ကျပ် ငွေတန်ဖိုး ကျဆင်းခဲ့သည်။

Most Read

Most Recent